ကယားပြည်နယ်မှာ ငါးလအတွင်း အရပ်သား ငါးဆယ်ကျော် သေဆုံး
2024.06.03
ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲနဲ့ဖယ်ခုံမြို့တွေမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ ငါးလအတွင်း အရပ်သား ၅၁ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဇွန်လ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာနဲ့ လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူ ၄၅ ဦးရှိပြီး စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးခဲ့ရသူ ခြောက်ဦးရှိခဲ့တယ်လို့ PKPF ရဲ့စာရင်းမှာ ဖော်ပြပါတယ်။ ဖမ်းဆီးခံခဲ့ရသူကတော့ ရှစ်ဦးရှိတယ်လို့လည်း ဆိုပါတယ်။
ငါးလအတွင်းမှာ တိုက်ပွဲပေါင်း နှစ်ရာနီးပါးဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၅၆၂ ဦး သေဆုံးခဲ့သလို ကရင်နီပူးပေါင်းတပ်တွေဘက်ကတော့ ၁၃၉ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ကယားပြည်နယ်အတွင်း ၂၀၂၃ နိုဝင်ဘာလမှာစတင်တဲ့ တစ်လေးလုံး စစ်ဆင်ရေးအပြီး လွိုင်ကော်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တပ်စခန်း ၁၂ ခုအပါအဝင် ဒီးမော့ဆို၊ ဖရူဆို၊ ဘော်လခဲ၊ ဖားဆောင်း၊ ရှာတော၊ မယ်စဲ့၊ ဖယ်ခုံမြို့နယ်တွေက စစ်ကောင်စီတပ်စခန်း ၆၅ ခုကို ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ထားနိုင်တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။
မေလကုန်ပိုင်းကစလို့ စစ်ကောင်စီဘက်က ကယားပြည်နယ် မြို့တော်လွိုင်ကော်ကို အင်အား ငါးရာကျော်အသုံးပြုပြီး စစ်ကြောင်းပြန်ထိုးနေတာကြောင့် လွိုင်ကော်မြို့အနီးမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ KNDF သတင်းပြန်ကြားရေး တာဝန်ရှိသူက RFA ကို ပြောပါတယ်။