ဒါရိုက်တာ၊ စာရေးဆရာ မောင်ဝဏ္ဏ ကွယ်လွန်

ဒါရိုက်တာ၊ စာရေးဆရာ မောင်ဝဏ္ဏ (၆၅ နှစ်)ဟာ ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် မနက် ၄ နာရီ ၂၀ က အဆုတ်ကင်ဆာ ရောဂါနဲ့ ရန်ကုန်မြို့ သင်္ကန်းကျွန်း သာဓုခြံ နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ စုံစမ်းသိရှိရပါတယ်။

2011.01.11
maung_wunna_movie_director_166_z.png
စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏ (Photo: wikimyanmar)
wikimyanmar
ဆရာမောင်ဝဏ္ဏဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းကမှ ဆေးရုံက ဆင်းလာတာ ဖြစ်တယ်လို့ သမီးကြီး မဝါနုက ပြောပါတယ်။

ဆရာမောင်ဝဏ္ဏဟာ ကွယ်လွန်သူ စာရေးဆရာ ဒါရိုက်တာ သာဓုနဲ့ မိခင် ဆရာမကြီး ဒေါ်ခင်ညို တို့ရဲ့ သားကြီးဖြစ်ပြီး ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ ၁၉၆၉ခုနှစ်မှာ သိုင်းသမား ရုပ်ရှင် ဇာတ်ညွန်းကို ရေးသားခဲ့ပါတယ်။ ၁၉၇၀ မှာ ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း ရုပ်ရှင်ကားကို ပထမဆုံး ရိုက်ကူး ပြီး အကယ်ဒီ ဒါရိုက်တာဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။ ၁၉၉၀ မှာ ခုနှစ်စဉ်အလွမ်း ရုပ်ရှင်နဲ့ ဒုတိယအကြိမ် ဒါရိုက်တာ အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။

ဆရာမောင်ဝဏ္ဏဟာ ရုပ်ရှင်လောကမှာ ဒါရိုက်တာအပြင် ဇာတ်ညွန်းများကိုပါ ရေးခဲ့သလို ၁၉၇၂ ခုနှစ်ကစပြီး စာပေလောကကို ဝင်ရောက်ခဲ့ပါတယ်။ ဝတ္ထုတို ဝတ္ထုရှည်နဲ့ လုံချင်း ဝတ္ထုများစွာကို ရေးခဲ့ပါတယ်။ မကွယ်လွန်ခင်ချိန်အထိ နောက်ဆုံး စာရေးခဲ့တာလို့ သမီးကြီးမဝါနုက ပြောပါတယ်။

ဒါရိုက်တာ မောင်ဝဏ္ဏဟာ ပန်းတွေနဲ့ဝေ ၊ ချစ်တဲ့သူငယ်လေ ၊ အိပ်မက်စိမ်း၊ အစရှိတဲ့ လုံးချင်းဝတ္ထုပေါင်း အုပ် ၂ဝ လောက် ရေးသားခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်မှာ `ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း´ရုပ်ရှင်ကား ရိုက်ကူးဖို့ ရုပ်ရှင်လောကထဲကို ဒါရိုက်တာ အဖြစ် ရောက်ရှိခဲ့ပြီး ဒီဇာတ်ကားနဲ့ပဲ ဒါရိုက်တာ အကယ်ဒမီဆု ရရှိခဲ့သူတဦး ဖြစ်ပါတယ်။

မကွယ်လွန်ခင်မှာ ဂျာနယ်ကျော် မမလေး ရေးသားတဲ့ ရင်နင့်အောင်မွှေး ဆိုတဲ့ ရုပ်ရှင်ဇတ်ကားကို နောက်ဆုံး ရိုက်ကူးခဲ့သလို ထူးချွန်တဲ့ စွယ်စုံအနုပညာရှင်တဦး ကွယ်လွန်သွားတဲ့အတွက် နှမျောမိကြောင်း ဒါရိုက်တာ မောင်ဝဏ္ဏနဲ့အတူ လုပ်ဖော်ကိုင်ဖက်တဦးဖြစ်တဲ့ ဒါရိုက်တာ ကြည်စိုးထွန်း က RFA ကို ပြောပါတယ်။

ဒီအကြောင်း ညီဖြစ်သူ စာရေးဆရာ မင်းလူ၊ ဒါရိုက်တာကြည်စိုးထွန်းတို့နဲ့ ဆက်သွယ်မေးမြန်းပြီး RFA သတင်းထောက် ကိုအောင်မိုးမြင့်က သတင်းပေးပို့ထားပါတယ်။

သတင်းပေးပို့ချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။