မသန်စွမ်းသူများ အဆင်ပြေစွာ မဲပေးနိုင်ရေး ဆွေးနွေး


2015.03.19
disable-voter-discussion-305.jpg ရန်ကုန်တိုင်း မင်းဓမ္မလမ်းမှာရှိတဲ့ မသန်စွမ်းသက်ငယ် သင်တန်းကျောင်းမှာ မတ်လ ၁၉ ရက်နေ့က မသန်စွမ်းသူတွေ အဆင်ပြေစွာ မဲပေးနိုင်ရေး ဆွေးနွေးကြစဉ်
Photo: Tun Myint/RFA

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မသန်စွမ်းသူတွေ ဆန္ဒမဲပေးနိုင်ဖို့အတွက် မဲရုံတွေမှာ မသန်စွမ်းသူတွေ အတွက် သီးသန့်စီမံပေးထားတာမရှိတဲ့တာကြောင့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ စီစဉ်ပေးနိုင်ဖို့ မသန်စွမ်းအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီ က ခေါင်းဆောင်တွေ ဆွေးနွေး ကြပါတယ်။

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းမှာရှိတဲ့ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းမှာ လာမယ့် ရွေးကောက်ပွဲမှာ ဘယ်လိုစီစဉ်ပေးနိုင်မလဲဆို တာကို ဆွေးနွေးကြတာဖြစ်ပါတယ်။

မသန်စွမ်းသူတွေဟာ တခြားမဲပေးခွင့်ရှိသူတွေ နဲ့ နှိုင်းယှဉ်လိုက်ရင် တန်းတူမဲပေးခွင့် ဆုံးရှုံနေကြောင်း မြန်မာနိုင်ငံ မသန်စွမ်း သူများရှေ့ဆောင်အဖွဲ့ကို တည်ထောင်သူ ကိုနေလင်းစိုးက ဒီနေ့ဆွေးနွေးပွဲမှာ ပြောပါတယ်။

"အရင်ရွေးကောက်ပွဲတွေမှာ ကျနော်တို့ မသန်စွမ်းတဲ့သူတွေက ရွေးကောက်ပွဲ မဲပေးရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ကောင်းစွာမရခဲ့ဘူး၊ အထူးသဖြင့် နားမကြားတဲ့သူတွေနဲ့ ဉာဏ်ရည်ချို့ယွင်းအားနည်းချက်ရှိတဲ့သူတွေက ဒီအချက်တွေ ပိုပြီးတော့ကြုံတွေ့ရတယ်၊ နောက်ကိုယ်အင်္ဂါ မသန်စွမ်းတဲ့လူတွေနဲ့ လှုပ်ရှားသွားလာမှု ခက်ခဲ့တဲ့လူတွေက မဲရုံတွေကိုရောက်ရှိဖို့ သွားလာရေးမှာ အခက်အခဲတွေ အများကြီးရှိတယ်၊ မဲရုံတွေက ဘီးတပ်လှည်းတွေဝင်လို့မရဘူး၊ မျက်စိမမြင်တဲ့သူတွေဆိုလည်း ကိုယ်တိုင်စိတ်တိုင်းကျ လွတ်လပ်စွာခေါ်သွားခွင့်မရကြဘူး၊ ဒါတွေကြောင့် ကျနော်တို့တွေက တန်းတူမဲပေးပိုင်ခွင့် မှာ အများကြီးနောက်ကျကျန်ခဲ့တယ်"

ဒီနေ့ဆွေးနွေးပွဲကို ပြည်ထောင်စု ကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတတ်ရေးပါတီ စတဲ့ ပါတီတချို့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ မသန်စွမ်းလူဦးရေ ၁၃ သိန်းကျော်ရှိပြီး ကမ္ဘာ့ကုလသမဂ္ဂရဲ့ မသန်စွမ်းသူများအခွင့်အရေး ဆိုင်ရာ သဘောတူညီချက်စာချုပ်ကို မြန်မာနိုင်ငံက ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ လက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။

မသန်စွမ်းသူများအဖွဲ့တွေဟာ မြန်မာ့နိုင်ငံရေးမှာ အများနည်းတူ တန်းတူပါဝင်ခွင့်ရရေးအတွက် နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးညှိုနှိုင်းနေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။