တက္ကသိုလ်တချို့မှာ အဆောင်များ တိုးချဲ့ဖွင့်လှစ်သွားမည်


2013.12.22
university_305_Z.jpg ရန်ကုန်မြို့ရှိ တက္ကသိုလ်တခု၏ ဂိတ်ဝကိုတွေ့ရစဉ်
Photo: AFP

ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်နဲ့ စစ်ကိုင်း ပညာရေးတက္ကသိုလ်တွေမှာ ပါရဂူတန်း၊ ဘွဲ့ကြိုတန်းအထိ အဆောင်တွေထားရှိပေးသွားမယ်လို့ ပညာရေးဝန်ကြီးဌာန အရာရှိတွေက ပြောကြားလိုက် ပါတယ်။

တက္ကသိုလ်၊ ကောလိပ်နဲ့ ဒီဂရီကောလိပ်တွေမှာ တက္ကသိုလ်ဆရာ/ဆရာမ၊ ဝန်ထမ်းတွေနဲ့ တက္ကသိုလ်ကျောင်းသား/သူ အဆောင်ထားရှိရေး သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ နေပြည်တော် ပညာရေးဝန်ကြီးဌာနမှာ ကျင်းပရာ မှာ  အောက်မြန်မာပြည်  အဆင့်မြင့်ပညာရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာဇော်မြင့်က ပြောသွားတာပါ။

"၂ဝ၁၃ - ၂ဝ၁၄ ပညာသင်နှစ်က အစပဲပေ့ါ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေရဲ့ အဆောင်တွေမှာ စည်ပင်သာယာ နယ်နိမိတ်ပြင်ပအနေနဲ့ ပထမနှစ် ကျောင်းသားကျောင်းသူတွေကို အဆောင်ထားရှိပေးမှာဖြစ်ပါတယ်၊ ရန်ကုန်ပညာရေးတက္ကသို်လ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်တွေမှာ ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ ပါရဂူတန်းဘွဲ့ယူတန်းအထိ ကျနော်တို့အဆောင်ပေးနိုင်ပါပြီ"


အဲဒီသတင်းစာရှင်းလင်းပွဲမှာ တက္ကသိုလ်၊ ကောလိပ်နဲ့ ဒီဂရီကောလိပ်ကျောင်း အနီးတစ်ဝိုက်တွေ မှာ ကျောင်းသား/သူတွေအတွက် အဆောင်ထားရှိဖို့၊ ကျောင်းဆောင်ဆောက်လုပ်ရေးကို ပြင်ပလုပ်ငန်း ရှင်တွေက ဆောက်လုပ်ပေးဖို့ဖြစ်ပြီး၊ ကျောင်းသား/သူတွေအတွက် စားရေးသောက်ရေးကိုစီမံပေးဖို့နဲ့  ကျောင်း စည်းကမ်းထိန်းသိမ်းဖို့အတွက်ကိုတော့ တက္ကသိုလ်ကတာဝန်ယူပေးဖို့  ဆုံးဖြတ်ထားတယ်လို့လည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

တက္ကသိုလ်၊ ကောလိပ်နဲ့ ဒီဂရီကောလိပ်တွေမှာ ကျောင်းသူကျောင်းသားတွေ  အဆောင်နေပညာသင်ကြားခွင့်ကို ၁၉၉၃-၁၉၉၄ ခုနှစ်နောက်ပိုင်းကစပြီး ခွင့်မပြုတာဖြစ်ပါတယ်။

စစ်တွေတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်နဲ့ စစ်ကိုင်းတက္ကသိုလ်တွေမှာ လောလောဆယ်မှာ အဆောင်ပေးနိုင်ခြင်းမရှိသေးဘဲ ဒုတိယစာသင်နှစ်ဝက်မှာ အဆောင်ပေးနိုင်ဖို့စီစဉ်နေပြီး အဆောင်လခကို တစ်လ ၅၀၀၀ ကျပ်နဲ့ စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပထမနှစ်ဝက်မှာ တက္ကသိုလ်ဒီဂရီကောလိပ် ၂၅ ခုအနက် ၂၃ ကျောင်းမှာ အဆောင်တွေထားရှိနိုင်သလို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ အဆောင်လုံးဝမရှိသေးတဲ့ တက္ကသိုလ်သုံးခုအတွက် ကျောင်းသား ၁၆၀ ဦး နေထိုင်နိုင်တဲ့ ကျပ် သန်း ၈၀၀ တန်ဖိုးရှိ အဆောင်သုံးဆောင် ဆောက်လုပ်သွားဖို့ လျာထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။