ဒေါက်တာအေးမောင်ကို စစ်တွေမှာရုံးထုတ်

2018-02-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဒေါက်တာ အေးမောင် ကို စစ်တွေမြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
ဒေါက်တာ အေးမောင် ကို စစ်တွေမြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှာ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲတစ်ခုနဲ့ ပတ်သက်ပြီး ဖမ်းဆီးတရားစွဲဆို ခံနေရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင် တို့ကို စစ်တွေခရိုင်တရားရုံးနဲ့ စစ်တွေမြို့နယ် တရားရုံးတွေမှာ ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။

မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ စစ်ဆေးဖို့ သက်သေတွေကို ဒီကနေ့ ခေါ်ထားပေမယ့် ရောက်မလာ တာကြောင့် မစစ်ဆေးဖြစ်ဘဲ လာမယ့်ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်တယ်လို့ ကိုဝေဟင်အောင် ဘက်က အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန် ကပြောပါတယ်။

"ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၂ နဲ့ စွဲဆိုတဲ့အကြောင်းကို ရှင်းပြတဲ့နေ့ဖြစ်ပါတယ်၊ အဲဒီမှာ တရားခံ ဦးဘသန်းကို ဖမ်းဖို့ဖမ်းဝရမ်းထုတ်ထားတဲ့အတွက် ဒီလုပ်ငန်းဆောင်ရွက်စရာရှိတယ်၊ ပြီးရင် ခရိုင်တရားသူကြီးကလည်း အစည်းအဝေးတက်နေတဲ့အတွက် တင်ပြရန်ဆိုတဲ့ရုံးချိန်းနဲ့ ၂၁ ရက်နေ့ကို ချိန်းဆိုလိုက်တာဖြစ်တယ်၊ မြို့နယ်မှာကျတော့ ရသေ့တောင်မြို့နယ်ကနေ ရုံးပြောင်းရောက်လာတဲ့အမှုမှာလည်း ၁၇/၁ နဲ့တော့ သက်သေတွေကို ဆင့်ခေါ်ထားပေမယ့် ရသေ့တောင်ရုံးကပဲဖြစ်နေတဲ့အတွက် ဒီနေ့ ရောက်မလာပါဘူး၊ နောက်အပတ်တွေမှာတော့ သက်သေစစ်ဆေးတဲ့အဆင့်ကို ဆောင်ရွက်မယ်ဆိုတာမျိုး ပြောလိုက်တယ်"

ပြီးခဲ့တဲ့လက ရသေ့တောင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲတစ်ခုမှာ လက်နက်ကိုင်တော်လှန်ရေးကိစ္စကို ထည့်သွင်းဟောပြောခဲ့တယ်ဆိုပြီး  ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင် တို့ကို မတရားအသင်း ဆက်သွယ်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ နိုင်ငံတော်ပုန်ကန်မှု စတဲ့ပုဒ်မသုံးခုနဲ့ အစိုးရကအမှုဖွင့်ဖမ်းဆီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

မတရားအသင်း ဆက်သွယ်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတွေကို ရသေ့တောင်မြို့နယ်တရားရုံးမှာ ကနဦးစွဲဆိုခဲ့ရာကနေ ဒီနေ့မှာ စစ်တွေမြို့နယ် တရားရုံးကို ပြောင်းရွှေ့ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ရုံးချိန်းမှာ စစ်တွေခရိုင်တရားရုံးမှာ နိုင်ငံတော်ပုန်ကန်မှုပုဒ်မကို တရားစွဲတင်ခဲ့တယ်လို့လည်းသိရပါတယ်။

ရသေ့တောင်မြို့မှာ ဒေါက်တာအေးမောင်နဲ့အတူ ဟောပြောခဲ့တဲ့ နောက်ထပ်စာရေးဆရာတစ်ဦးဖြစ်သူ ဦးဘသန်း(ခေါ်) နီဘုန်းသွန်းဝေ ကိုလည်း ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။

ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင် တို့ကို ဒီနေ့ရုံးထုတ်ရာမှာ တရားရုံးဘေးလမ်းမတွေမှာ ရဲတပ်ဖွဲ့လုံခြုံရေးကို တင်းတင်းကျပ်ကျပ်ချထားခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့