ဒေါက်တာ အေးမောင်တို့ အမှု ဟောပြောချက်အသံဖိုင် ဖွင့်စစ်ဆေး


2018.08.06
dr-ayemaung-sittwe-court-622.jpg ဒေါက်တာ အေးမောင် ကို စစ်တွေမြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Min Thein Aung/ RFA

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ အမှုမှာ အဓိကကျတဲ့ မူရင်းဟောပြောချက် အသံဖိုင်ကို ဒီနေ့ရုံးချိန်းမှာ ဖွင့်ပြီး စတင်စစ်ဆေးခဲ့ပါတယ်။

မူရင်းအသံဖိုင်ဟောပြောချက်တွေနဲ့ အစိုးရက အဲဒီဟောပြောချက်ကိုစာနဲ့ရေးပြီး တရားရုံးကိုတင်ပြထားတာတွေ ဟာ ကွဲလွဲမှုတွေရှိနေတယ်လို့ ကိုဝေဟင်အောင်ရဲ့ရှေ့နေ ဒေါ်အေးနုစိန်ကပြောပါတယ်။

"ကျမတို့ သက်သေတွေကိုမေးတဲ့အခါမှာ ပြန်လှန်မေးတွေနဲ့မေးခဲ့တယ်။ ကျမတို့ အမှုသည်ရဲ့ညွှန်ကြားချက်၊ အမှုတွေကို လေ့လာထားချက်အရ ဒါဟာ ဖြတ်၊ ညှပ်၊ ကပ် လိုရင်းနဲ့ အမှုစွဲလို့ရအောင် လုပ်ထားတာတွေမလား၊ စကားအဆက်အစပ်တွေကို ချန်ခဲ့တာတွေရှိတယ်မလား ဆိုတာတွေ ကျမတို့ရှေ့မှာ ဥပဒေနဲ့အညီ ဆောင်ရွက်ရ မယ့် မေးမြန်းရမယ့်ကိစ္စတွေကိုလည်း မေးမြန်းပြီးသားဖြစ်ပါတယ်။ ဒါနဲ့တင်ထားတာတွေကတော့ စာထဲမှာ ရေးထားတာတွေနဲ့ တကယ်မူရင်းပြောထားတာတွေနဲ့ သိပ်မတူတာတွေလည်း ရှိပါတယ်။ သက်သေထွက်ချက် တွေကလည်း ပိုပြီးတော့ မတူတာတွေရှိပါတယ်"

ပြီးခဲ့တဲ့ ဇန်နဝါရီလက ရသေ့တောင်မြို့မှာ ဟောပြောခဲ့တဲ့ ဟောပြောချက်တွေနဲ့ပတ်သက်ပြီး ဒေါက်တာ အေးမောင် နဲ့ ကိုဝေဟင်အောင် တို့ကို မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်ပုန်ကန်မှုစတဲ့ ပုဒ်မ သုံးခုနဲ့ အစိုးရက တရားစွဲဆိုထားတာပါ။

အဲဒီဟောပြောချက်အသံဖိုင်တွေထဲက ကိုဝေဟင်အောင်ရဲ့ ဟောပြောချက် အသံဖိုင်မူရင်းကို စစ်တွေခရိုင်တရားရုံး မှာ ဖွင့်ပြီး တိုက်ဆိုင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဟောပြောချက်မူရင်းဟာ ရခိုင်ဘာသာစကားနဲ့ ဟောပြောတာဖြစ်ပြီး အဲဒါကို အစိုးရက မြန်မာဘာသာနဲ့ရေးပြီး တရားရုံးကို စာနဲ့တင်ပြထားရာမှာ အစအဆုံးကို အသေးစိတ်ဘာသာပြန်တာမဟုတ်ဘဲ တစ်ချို့စကားတွေကို ချန်လှပ်ခဲ့တာတွေ၊ ဟောပြောချက်မှာမပါဘဲ ဖြည့်စွက်ရေးသားထားတွေကို တွေ့ရတယ်လို့လည်း ရှေ့နေ ဒေါ်အေးနုစိန် က ပြောပါတယ်။

ရုံးချိန်းမှာ ကိုဝေဟင်အောင်ရဲ့ ဟောပြောချက် ထက်ဝက်ကျော်လောက်ကိုသာ စစ်ဆေးနိုင်ခဲ့ပြီး လာမယ့် သြဂုတ်လ ၁၃ ရက်နေ့မှာ အသံဖိုင်ကို ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။

ဒေါက်တာ အေးမောင်နဲ့ ကိုဝေဟင်အောင် တို့ရဲ့ တရားရုံးချိန်းနေ့တွေမှာ လုံခြုံရေးကို အကြောင်းပြပြီး အဲဒီရုံးချိန်း ပြီးမှ အခြားတရားခံတွေကို ဆက်လက်ရုံးထုတ်တာတွေရှိနေတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။