ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင် ကို ရုံးထုတ်

2018-02-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဒေါက်တာ အေးမောင် ကို စစ်တွေမြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
ဒေါက်တာ အေးမောင် ကို စစ်တွေမြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် တရားရုံးမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင် တို့ကို ဒီနေ့ ရုံးထုတ်ခဲ့ပြီး တရားလိုရဲ့ ထွက်ဆိုချက်တွေကို တိုက်ဆိုင်စစ်ဆေးဖို့ ရသေ့တောင် မြို့နယ်က ပွဲမှာဟောပြောခဲ့တဲ့ စီဒီခွေကို တရားခွင်မှာ ဖွင့်ပြဖို့ ရှေ့နေတွေက တင်ပြခဲ့ကြပါတယ်။

တရားရုံးက ဟောပြောချက်အခွေကို ဖွင့်ပြသင့်၊ မသင့်ဆိုတာကို အမိန့်တစ်ရပ် ချမှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကိုဝေဟင်အောင် ဘက်က အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်အေးနုစိန် က ပြောပါတယ်။

"ကျမတို့ဘက်ကရော ဒေါက်တာအေးမောင်တို့ ရှေ့နေဘက်ကရော ဒီအမှုမှာ သက်သေခံအဖြစ် ပါဝင်လာတဲ့ တိတ်ခွေကို မူရင်းအတိုင်း ဖွင့်ပြီးတော့ ဒီမူရင်းမှာပါတဲ့ အချက်အလက်များဟာ အခု တရားလိုရဲ့ ထွက်ချက်မှာ ပါတဲ့စကားလုံး အသုံးအနှုန်းတွေနဲ့ တူညီမှု ရှိ မရှိ ဆိုတာကို တိုက်ဆိုင်စစ်ဆေးဖို့ လိုတယ်ဆိုတာကို ကျမတို့ ရုံးကိုတင်ပြပါတယ်၊ အဲဒီတင်ပြချက်နဲ့ ပတ်သက်ပြီး ရုံးက အမိန့်တစ်ခုချမှတ်ရန်ဆိုပြီးတော့ အမှုကိုတပိုင်းတစ စစ်ပြီးတော့ ရပ်ဆိုင်းပြီး နောက်ထပ်ချိန်းဆိုလိုက်တာဖြစ်ပါတယ်"

ဒေါက်တာ အေးမောင်နဲ့ ကိုဝေဟင်အောင် တို့ကို စစ်တွေမြို့နယ် တရားရုံးမှာ စွဲဆိုထားတဲ့ မတရားအသင်း ဆက်သွယ်မှုပုဒ်မအတွက် တရားလိုဖြစ်တဲ့ ရသေ့တောင်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်နုကို ဒီနေ့ ပထမဆုံး စတင် စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒေါက်တာ အေးမောင်နဲ့ ကိုဝေဟင်အောင် တို့ကို မတရားအသင်း ဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ နိုင်ငံတော် ပုန်ကန်မှု စတဲ့ပုဒ်မ ၃ ခုနဲ့ စစ်တွေမြို့နယ် တရားရုံးနဲ့ စစ်တွေခရိုင် တရားရုံးတွေမှာ တရားစွဲဆို ထားတာပါ။

ရသေ့တောင်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြုလုပ်ခဲ့တဲ့ ရခိုင့် အချုပ်အခြာအာဏာကျဆုံးတဲ့ အောက်မေ့ဖွယ် ဟောပြောပွဲမှာ ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး အခုလို ဖမ်းဆီးတရားစွဲဆိုခံနေရတာလည်းဖြစ်ပါတယ်။

အဲဒီဟောပြောပွဲမှာ ဟောပြောခဲ့တဲ့ နောက်ထပ် ဦးဘသန်း (ခေါ်) စာရေးဆရာ နီဘုန်းသွန်း ဝေကိုလည်း နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ နိုင်ငံတော်ပုန်ကန်မှု စတဲ့ပုဒ်မတွေနဲ့ စစ်တွေခရိုင်နဲ့ စစ်တွေမြို့နယ် တရားရုံးတွေမှာ တရားစွဲဆိုထားပြီး ဖမ်းဆီးရမိတာ မရှိသေးတဲ့အတွက် တရားရုံးကနေ ဒီနေ့ ဖမ်းဝရမ်း အတည်ပြုလိုက်တယ်လို့ သိရပါတယ်။

အမှုကိုလာမယ့် မတ်လ ၇ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့