ပူတာအိုမြို့က သွားဆရာဝန်တစ်ဦး ဖမ်းဆီးခံရ

2021-04-11
Share
ပူတာအိုမြို့က သွားဆရာဝန်တစ်ဦး ဖမ်းဆီးခံရ ကချင်ပြည်နယ် ပူတာအိုမြို့က ပြင်ပ သွားဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဟိန်းသူရဇော် ကို တွေ့ရစဉ်
Photo: CJ

ကချင်ပြည်နယ် ပူတာအိုမြို့က ပြင်ပ သွားဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဟိန်းသူရဇော်ဟာ သူ့ရဲ့ဆေးခန်း ရှေ့မှာ CDM ပြုလုပ်တဲ့ ဝန်ထမ်းတွေကို အခမဲ့ဆေးကုသပေးမှာဖြစ်ပြီး ဆေးရုံကြီးကနေ လူနာမှတ်တမ်း စာအုပ်ပါလာတဲ့ လူနာတွေကိုတော့ ဆေးကုသခ ၅၀ ရာခိုင်းနှုန်း ဈေးလျှော့ပေးမယ်လို့ ဗီနိုင်းကပ် ရေးသား ခဲ့တာကြောင့် ဧပြီလ ( ၇) ရက်နေ့က ညနေပိုင်းမှာ အဖမ်းခံလိုက်ရတယ်လို့ သူ့ရဲ့မိတ်ဆွေတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။

အဲဒီစာကြောင့် ဒေါက်တာ ဟိန်းသူရဇော်ဟာ တပ်မတော် အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ခံထားရတယ်လို့ လည်း သူက ပြောပါတယ်။

“ညနေ (၅) နာရီလောက်က ရဲတွေက ဆရာဆေးခန်းကို ရောက်လာပြီး လာဖမ်းသွားတာပါ ။ အခု ၅၀၅-က နဲ့ အမှုဖွင့်ထားပါတယ် ။ ဆရာက CDM ဝန်ထမ်းတွေကို အခမဲ့ ကုပေးတယ်၊ ဆေးရုံကြီးက ဆေးစာအုပ် ပါသူကိုကျ ငါးဆယ်ရာခိုင်နှုန်း ဈေးလျှော့ပေးတယ် ဆိုတဲ့ ဆေးခန်းရှေ့က ဆိုင်းဘုတ်ကြောင့် လာဖမ်း တာပါ။ တခြားတော့ ဘာပြစ်ချက်မှ မရှိပါဘူး”

သူ့ကို အခုလက်ရှိမှာ ပူတာအိုရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။ဒေါက်တာ ဟိန်းသူရဇော် ဟာ မန္တလေး သွားဆေးတက္ကသိုလ် ကျောင်းဆင်းတစ်ဦးဖြစ်ပြီး ပူတာအိုမြို့မှာ သွားဆေးခန်းဖွင့်လှစ်ခဲ့တာ ၆ လပဲကြာသေးတယ်လို့ သိရပါတယ်။

သူဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအချို့မှာ ကိုယ်တိုင်ပါဝင် ဆန္ဒပြတာတွေရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့