မူးယစ်ဆေးဝါး ကျပ် သိန်း ၄ ထောင်ကျော်ဖိုး တာချီလိတ်မြို့မှာ ဖမ်းမိ

တာချီလိတ်မြို့ အရှေ့မြောက်ဘက် မိုင် ၃ဝ အကွာမှာ ရှိတဲ့ ဟွေ့လေလန် ပူးပေါင်းဂိတ်မှာ စက်တင်ဘာလ ၈ ရက်နေ့ ည ၈ နာရီက ဆယ်ဘီးကား တစီးပေါ်ကနေ ကျပ်ငွေ သိန်း ၄ ထောင်ကျော် တန်ဖိုးရှိတဲ့ ‘ယာဘ’ ခေါ် စိတ်ကြွဆေးပြား တသောင်းခွဲခန့် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

2011.09.10

တာချီလိတ်မြို့နယ် ရဲစခန်းကို အာအက်ဖ်အေက ဆက်သွယ်မေးမြန်းရာမှာ တာဝန်ကျ ရဲအရာရှိက ဒီသတင်း ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုပါတယ်။ ရဲစခန်းတာဝန်မှူး ဒု-ရဲအုပ် ထွန်းထွန်းဦးက …

“လောလောဆယ်တော့ ရေတွက်မရသေးဘူး ခင်ဗျ။ အပြား အရေအတွက်ကို ခန့်မှန်းလို့ မရသေးသလို ငွေကြေးလည်း ခန့်မှန်းလို့ မရသေးပါဘူး”

ရွှေတြိဂံနယ်မြေ လာအိုနယ်စပ်၊ မဲခေါင်မြစ်အနီးက မိုင်းဖုန်းကျေးရွာအုပ်စု ပါခုတ် ကျေးရွာဘက်ကနေ တာချီလိတ်ဘက်ကို ကားမောင်းနှင်လာချိန်မှာ အခုလို ဖမ်းဆီးမိခဲ့တာပါ။

ဒီ မူးယစ်ဆေးဝါးတွေဟာ တာချီလိတ်မြို့ ဆန်စိုင်းရပ်ကွက်က အိုက်ဆောင် နေအိမ်ကို ပို့ဆောင်ဖို့ဖြစ်တယ် ဆိုတဲ့အတွက် တာချီလိတ်မြို့က မူးယစ်အဖွဲ့နဲ့ အတူ ခမရ (၃၃၁) တပ်ဖွဲ့ဝင်တွေက ည ၉ နာရီလောက်မှာ အိုက်ဆောင် နေအိမ်ကို ဝင်ရောက် ရှာဖွေခဲ့ချိန်မှာ ကားဂိုဒေါင်တွင်းက ကျပ်ငွေ သုံးကုဋေကျော် တန်ဖိုးရှိတဲ့ ‘ယာဘ’ မူးယစ်ဆေးပြားတွေ၊ ဘိန်းဖြူတွေအပြင် မူးယစ်ဆေးဝါး ဖော်စပ်တဲ့ ဓာတုဆေးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ အာဏာပိုင်နဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။

ဒါ့ပြင် ကားဂိုဒေါင်အတွင်းက အမျိုးအမည်မသိ သေနတ် ၂ လက်နဲ့ ကျည်ဆံတွေအပြင် ထိုင်းဘတ်ငွေ သိန်း ၂ ရာကျော် သိမ်းဆည်းရမိခဲ့ပြီး လိုင်စင်မဲ့ကား ၈ စီးနဲ့ မော်တော်ဆိုင်ကယ် ၁ဝ စီးပါ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ မိုင်းဖုန်းကျေးရွာအုပ်စုအတွင်းမှာ နေထိုင်တဲ့ အိုက်ဆောင်ရဲ့ ညီဖြစ်သူနေအိမ်မှာလည်း သေနတ်တလက်နဲ့ ကျပ်သိန်း ၄ ရာကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့သလို အိုက်ဆောင် ဆိုသူ စိုက်ပျိုးထားတဲ့ ရော်ဘာခြံခင်းထဲမှာ ဘိန်းဖြူ ၄ဝ ကီလိုဂရမ်ခန့်နဲ့ အသံတိတ်ကိရိယာ တပ်ဆင်ထားတဲ့ လက်နက် ၃ လက်၊ ကျည်ဆံတွေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေပါ သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။