ဝိုင်းမော်မှာ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ နဲ့ ဒေသခံတွေ ပဋိပက္ခဖြစ်ပွား


2015.08.31

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန့်မြင်းကျေးရွာမှာ ကချင်လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို မနေ့ညက သွားရောက်ဖမ်းဆီးရာမှာ ဒေသခံတွေနဲ့ နှစ်ဘက်တင်းမာ မှုတွေ ဖြစ်ပွားခဲ့ပြီး ဝိုင်းမော်မြို့နယ်ရဲစခန်းက လူ ၂၀ ကို ခေါ်ယူစစ်ဆေးနေပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ အုပ်ချုပ်ရေးအဖွဲ့ထဲက တာဝန်ရှိသူတွေမပါဘဲ မူးယစ်ဆေးဝါးရောင်းသူတွေကို ရိုက်နှက်ဖမ်းဆီးတာကို မကျေနပ်တဲ့ ဒေသခံရွာသားတွေနဲ့ ထိပ်တိုက်တေ့ွကြတာလို့ ဝိုင်းမော်မြို့မရဲစခန်းမှူး ဦးထွန်းလွင်က ပြောပါတယ်။

"မနေ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အရပ်သားအဖွဲ့က ဖမ်းပါတယ်၊ အရင်နှစ်ကြိမ်မှာလည်း အဲ့ဒီလိုတာဝန်ရှိတဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တာဝန်ရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေမပါဘဲနဲ့ ရိုက်နှက်ဖမ်းဆီးချုပ်နှောင်တာတွေရှိတဲ့အတွက် ပြန်ပြီးတော့ အမှုဖွင့်တာတွေရှိပါတယ်"

မနေ့ညက နန့်မြင်းကျေးရွာမှာ ကချင်လူထုအခြေပြု မူးယစ်ဆေးဝါးတားဆီးရေးအဖွဲ့ဝင် ၂၀လောက်က ပြောက်ကျား အကျတွေဝတ်ဆင်ပြီး မူးယစ်ဆေးရောင်းသူတွေကို ရိုက်နှက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီလိုဖမ်းဆီးတာကို မကျေနပ်တဲ့ မိုင်းနား၊ ခတ်ချိုစတဲ့ ဝိုင်းမော်ဒေသက ရွာသားတွေနဲ့ နှစ်ဖက်တင်းမာ မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ဝိုင်းမော်မြို့မရဲစခန်းမှာ လူ ၂၀လောက်ကို ထိန်းသိမ်းပြီး စစ်ဆေးနေတာဖြစ်ပါတယ်။

မြစ်ကြီးနား၊ ဖားကန့်၊ နမ္မတီး၊ ဝိုင်းမော်၊ ခတ်ချိုစတဲ့ မြို့တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးရာမှာ ကချင်လူထုအခြေပြုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ရိုက်နှက်လို့ သေဆုံးသူတွေရှိသလို ထိခိုက်ဒါဏ်ရာသူတွေရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အဲဒီမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကို ဘာသာရေးအဖွဲ့အစည်းတွေက ဦးဆောင်တာဖြစ်ပြီး မြစ်ကြီးနား၊ ဖားကန့်၊ ဝိုင်းမော်၊ မိုးညှင်း စတဲ့ မြို့နယ်တွေမှာ ဖမ်းဆီးနေတာ တစ်နှစ်ကျော်ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။