ကျပ်သိန်းပေါင်းခြောက်ထောင် မူးယစ်တွေမိ
2017.03.19
ဖမ်းဆီးရမိသည့် မူးယစ်ဆေးတွေနဲ့အတူ တရားခံ ၃ ဦးကို မတ်လ ၁၈ ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ တွေ့ရစဉ်
ထိုင်း မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ကျပ်ငွေသိန်းပေါင်း ခြောက်ထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မတ်လ ၁၈ ရက်နေ့ မနေ့ညနေက ဖမ်းဆီးရမိပါတယ်။
မူးယစ်ဆေးတွေ ဖမ်းဆီးရမိတဲ့နေရာက တာချီလိတ်မြို့အထွက် လွယ်တော်ခမ်း ပူးပေါင်းစစ်ဆးရေးဂိတ်မှာ မိုင်းဆတ်မြို့ဖက်ကိုသွားတဲ့ Vigo ကားတစ်စီးပေါ်က ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ တာချီလိတ် မူးယစ်တပ်ဖွဲ့က ဒုတပ်ကြပ် တိုးမြင့်အောင် က RFA ကို ပြောပါတယ်။
"ဒီတာချီလိတ်ဘက်ကနေ မိုင်းဆတ်ဖက်ကို သွားမှာပေါ့ အဲ့ကားက၊ ယာဉ်မောင်းနဲ့ နောက်က ၂ ယောက် ပါတာပေါ့။ စုစုပေါင်း သုံးယောက်၊ သူတို့က ဘာပစ္စည်းမှ မတင်လာဘူး ခါလီပေါ့ ၁၉:၁၀ အချိန်လောက် ရောက်လာတော့ အဲ့မှာ ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးတဲ့အချိန်မှာ အဲ့မှာ အနောက်က ကြမ်းခင်းကို နှစ်ထပ်လုပ်ပြီးမှ အံဝှက်ထဲမှာ ထည့်လာတဲ့ စိတ်ကြွဆေးမှုန့် အထုတ်တွေ တွေ့တာပေါ့၊ အားလုံး ကီလိုကတော့ ၄၀ ဒသမ ၈ ကီလိုပေါ့။ စုစုပေါင်း တန်ဖိုးကတော့ ကျပ်သိန်းပေါင်း ၆၁၂၀ ပေါ့"
ကားပေါ်ပါသူ ၃ ဦးကို တာချီလိတ်မြို့မ ရဲစခန်းမှာ အရေးယူထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကလည်း တာချီလိတ်မြို့က မဲခေါင်ရပ်ကွက်မှာ ကျပ်ငွေ သိန်းတစ်သောင်းခွဲကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ အတူ မူးယစ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။









