မိတ္ထီလာမှာ မူးယစ်ဆေးဝါး တားဆီးပေးဖို့ ဆန္ဒပြ


2017.04.24
drugs-protest-620.jpg မူးယစ်ဆေးဝါးတွေကို တားဆီးပေးဖို့ ဧပြီလ ၂၄ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်မှာ ဆန္ဒပြတောင်းဆိုနေစဉ်
Photo: ဦးနန်းဝင်းမောင်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်မှာ WY ပုံစံတူ 881 အမည်ရှိတဲ့ မူးယစ်ဆေးပြားတွေ လွယ်လင့်တကူ ဝယ်ယူနိုင်နေပြီး လူငယ်တွေသုံးစွဲမှုတွေ များလာတဲ့အတွက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုတွေကို ထိထိရောက်ရောက် တားဆီးပေးဖို့ ဒေသခံ ၅၀ ကျော် က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာ အရင်မူးယစ်ဆေးဝါးရောင်းသူ၊ ဆေးသုံးစွဲခဲ့ဖူးသူတွေလည်း ပါဝင်တယ်လို့ ဆန္ဒထုတ်ဖော်ပွဲ ကိုဦးဆောင်ခဲ့တဲ့ ဦးနန်းဝင်းမောင် ကပြောပါတယ်။

" မူးယစ်ဆေးဝါးသုံးစွဲတဲ့ ကလေးတွေလည်းပါတယ်။ နောက်နေ့စားလုပ်တဲ့အလုပ်သမားလေးတွေလည်း ပါတယ်။ ဒီမူးယစ်ဆေးဝါးသုံး တဲ့ကောင်တွေကြောင့် အလောင်းကစားတွေကလည်း ပေါများလာတယ်။ မူးယစ်ဆေးဝါးလည်း ပေါများတဲ့အတွက် ပြည်သူကလည်း သွားရေးလာရေးအဆင်မပြေ အလုယက်ခံရ တာတွေကလည်း များလာတော့ အဲ့ကျတော့ဝိုင်းဝန်းပြီးတော့ ဒါကြီးကို ကျနော်တို့က ဆန္ဒထုတ်ဖော်ပွဲလုပ်တာ။ ဘယ်အဖွဲ့အစည်းမှ မဟုတ်ဘူးဗျ။ လူအင်အားက ကျနော်တို့ ၆၀ ကျော်လောက်ပါတယ်ဗျ"

WY ဆေးပြားနဲ့ ပုံစံတူ 881 အမည်ရှိတဲ့ မူးယစ်ဆေးဝါးတွေကို မိတ္ထီလာမြို့ပေါ်က ရပ်ကွက်တိုင်းလိုလိုမှာ ဝယ်ယူနိုင်တဲ့ အနေအထားတွေ ဖြစ်နေ ပြီး ဆေးရောင်းချသူတွေအနေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို အဓိကထား ရောင်းချမှုတွေ ရှိနေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆေးရောင်းချသူတွေဟာ သီပေါမြို့ကနေ ဝယ်ယူပြီး ပြန်လည် ရောင်းချတာ ဖြစ်တယ်လို့ သိရပါမယ်။သီပေါနဲ့ မိတ္ထလာမြို့ကြားက လမ်းမှာ နောင်ချိုမူးယစ်စစ်ဆေးရေးဂိတ်က စစ်ဆေးတာတွေရှိပေမယ့် နိုင်နင်းတဲ့အနေ အထားမရှိဘူးလို့ ပြောပါတယ်။

သီပေါမြို့နယ်မှာ 881 အမည်ရှိတဲ့ မူးယစ်ဆေးပြား အလုံး ၂၀၀ ပါ အထုတ်တစ်ထုတ်ကို ကျပ် ခုနှစ်သောင်း ဈေးရှိပြီး မိတ္ထီလာမြို့အရောက်မှာ ကျပ်နှစ်သိန်းခွဲဈေးပေါက်တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေမှုတွေကို ထိထိရောက်ရောက်အရေးယူပေးဖို့ တောင်းဆိုသူတွေဟာ နန်းတော်ကုန်းရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်ရှေ့ ကနေ မြို့တပတ် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။