ပညာရေးဥပဒေကို မုံရွာတက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြကန့်ကွက်

2014-08-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မန္တလေးမြို့ ရတနာပုံတက္ကသိုလ်က တက္ကသိုလ်ကျောင်း သားတွေ အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြန်လည်ပြင် ဆင်ပေးဖို့ သြဂုတ်လ ၂၇ ရက်နေ့က ဆန္ဒထုတ်ဖော်စဉ်
မန္တလေးမြို့ ရတနာပုံတက္ကသိုလ်က တက္ကသိုလ်ကျောင်း သားတွေ အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြန်လည်ပြင် ဆင်ပေးဖို့ သြဂုတ်လ ၂၇ ရက်နေ့က ဆန္ဒထုတ်ဖော်စဉ်
Photo: Hset Paing Toe / RFA

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေကို မုံရွာမြို့မှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီး ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

အမျိုးသားပညာရေးဥပဒေမှာ အမျိုးသား ပညာရေးကော်မရှင်နဲ့ ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကို ကန့်ကွက်ကြောင်း ဒီနေ့ ဆန္ဒပြပွဲမှာပါဝင်သူ မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဌ ကိုဝေမိုးနိုင်က ပြောပါတယ်။

"အမျိုးသားပညာရေးကော်မရှင် ဖွဲ့စည်းမယ် ဆိုတဲ့အချက်က ဗဟိုဦးစီးချုပ်ကိုင်မယ်ဆိုတဲ့စနစ်ကို ဆက်လက်ကျင့်သုံးထားတဲ့အတွက် ကျနော်တို့ ဆန့်ကျင်ကန့်ကွက်ပါတယ်၊ ဒီကျောင်းသားသမဂ္ဂ နဲ့ ဆရာသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့စည်းခွင့် အနေအထားကိုလည်း ကျနော်တို့ ကန့်ကွက်ပါတယ်ခင်ဗျ၊ ဆရာ၊ ဆရာမတွေအနေနဲ့ ပညာရေးဝန်ထမ်းတွေရဲ့ ကိုယ်ကျင့်သိက္ခာကောင်းမွန်လာမှု၊ ကိုယ်ပိုင် ဆုံးဖြတ်တတ်မှု၊ တိုးတက်လာမှုမှာမူတည်ပြီးတော့မှ ဗဟိုဦးစီးချုပ်ကိုမှုစနစ်ကို လျှော့ချပေး မယ့်အချက်ကိုလည်း ကျနော်တို့ ကန့်ကွက်ပါတယ်၊ အစိုးရရဲ့ ဥပဒေပြုလွှတ်တော်တွေ NNER ရယ်၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိုလည်း ကျနော်တို့ တက္ကသိုလ်များအဖွဲ့ (မုံရွာ)က လိုလားပါတယ်"

ဒါ့အပြင် အဲဒီဥပဒေမှာ ကျောင်းသားသမဂ္ဂတွေ၊ ဆရာ ဆရာမများသမဂ္ဂတွေကို တရားဝင်ဖွဲ့စည်းခွင့် ပြဌာန်း မထားတဲ့အတွက်လည်း ကန့်ကွက်တယ်လို့ဆိုပါတယ်။

ဒီနေ့ ဆန္ဒပြပွဲမှာ မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂနဲ့ မုံရွာနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကျောင်းသား ၁၀၀ ကျော်လောက် ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်လောက်က မန္တလေး ရတနာပုံတက္ကသိုလ်ကျောင်းသားတွေကလည်း အဲ့ဒီ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့