ပညာရေးဝန်ကြီးနဲ့ ပခုက္ကူက ကျောင်းသားသမဂ္ဂများ တွေ့ဆုံ
ပြည်ထောင်စုပညာရေးဝန်ကြီး ဦးမျိုးသိမ်းကြီး(လက်ညှိုးညွှန်နေသောသူ) ၂ဝ၁၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က ကယားပြည်နယ် နည်းပညာတက္ကသိုလ်ကို လှည့်လည်ကြည့်ရှုနေစဉ်
ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ဦးဆောင်တဲ့အဖွဲ့နဲ့ မကွေးတိုင်း ပခုက္ကူမြို့မှာရှိတဲ့ကျောင်းသားသမဂ္ဂတွေ ဒီကနေ့ ပခုက္ကူတက္ကသိုလ်မှာ တွေ့ဆုံခဲ့ကြပြီး ကျောင်းသားသမဂ္ဂ တရားဝင်အသိအမှတ်ပြုရေး၊ ကျောင်းသုံး ပစ္စည်းတွေ လုံလောက်စွာရှိရေး စတဲ့ကိစ္စတွေကို ဆွေးနွေးကြတယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ တဲ့ မြေလတ်ကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ကိုရှိုင်းထက်စိုးကပြောပါတယ်။
သူတို့ဆွေးနွေးတင်ပြတဲ့အထဲက တက္ကသိုလ် ဓါတ်ခွဲခန်းသုံး လက်တွေ့ပစ္စည်း လုံလောက်စွာရရှိရေးနဲ့ ပတ်သက်ပြီး ပြောကြားရာမှာတော့ ဒီကနေ့တွေ့ဆုံပွဲမှာပါဝင်တဲ့ ပညာရေးဝန်ကြီးဌာနဘက်က နိုင်ငံတော်က ပိုက်ဆံလုံလောက်စွာမချပေးနိုင်ကြောင်း ပြောကြားတယ်လို့ ကိုရှိုင်းထက်စိုးကပြောပါတယ်။
"နံပါတ် ၁ က ကျောင်းတွင်း သမဂ္ဂရပ်တည်ခွင့် အသိအမှတ်ပြုပေးဖို့ပေါ့၊ ကျနော်တို့ ပညာသင်ကြားရတဲ့ အခါမှာ လက်တွေ့ပစ္စည်းတွေ မလုံလောက်တဲ့ကဏ္ဍမျိုးမှာ ဥပမာ ကျနော်တို့က ကျောင်းဝင်ကြေးမှာ ဓါတ်ခွဲခန်းကြေးကိုသွင်းရပြီးမှ ဓါတ်ခွဲခန်းမှာသုံးရတဲ့ပစ္စည်းတွေက မလုံလောက်မှုတွေ ကျနော်တို့ တင်ပြတယ်၊ အဲဒါကိုတော့ ကျနော်တို့ ပညာရေးဒုဝန်ကြီးက နိုင်ငံတော်အနေနဲ့ ပြည်သူကိုပိုက်ဆံ မချပေးနိုင်တဲ့ကဏ္ဍကို အဲဒီလိုဖြေကြားတယ်"
ဒါ့အပြင် ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့်ကို ကျောင်းသားတွေက ပညာရေးဝန်ကြီးအနေနဲ့ တရားဝင်စာ ထုတ်ပြီး ပြောကြားပေးဖို့ ပြောခဲ့ပေမယ့် ဝန်ကြီးကတော့ နှုတ်နဲ့ပဲ ပြောဆိုခဲ့တယ်လို့ ကျောင်းသားတွေ က ပြောပါတယ်။
ဒီနေ့ဆွေးနွေးပွဲကို ပညာရေးဝန်ကြီးနဲ့အတူ ဒုဝန်ကြီးတွေ ဒေသတွင်းဆိုင်ရာ တက္ကသိုလ်ပါမောက္ခချုပ်တွေ ပါဝင်ပြီး ကျောင်းသားတွေဘက်ကလည်း ပခုက္ကူနည်းပညာတက္ကသိုလ် သမဂ္ဂကျောင်းသားတွေအပါအဝင် ပခုက္ကူမြို့က သမဂ္ဂ ၃ရပ် ကကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။









