မြန်မာအစိုးရ ရိုးသားသင့်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ ပြောဆို

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပွင့်လင်းမှုဟာ ခြွင်းချက်မရှိတဲ့ ပွင့်လင်းမှုမျိုး ဖြစ်သင့်တယ်လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်အခြေစိုက် ANFREL ခေါ် ရွေးကောက်ပွဲ လွတ်လပ်ရေး အာရှကွန်ရက်အဖွဲ့၊အကြီးအကဲ Somsri Hananuntasuk က ကြာသပတေးနေ့က ပြောလိုက်ပါတယ်။
2012-03-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရွေးကောက်ပွဲ လွတ်လပ်ရေး အာရှကွန်ရက်အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Somsri နဲ့ အဖွဲ့ဝင်နှစ်ဦးတို့ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြရာမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညက Somsri ကို မြန်မာအာဏာပိုင်တွေက တိုင်းပြည်က နှင်ထုတ်ခဲ့ပြီး၊ သူ့လက်ထောက်နှစ်ဦးကို ဗုဒ္ဒဟူးနေ့မှာ နှင်ထုတ်ခဲ့ပါတယ်။

ဝါရင့် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူ အမျိုးသမီး Somsri နဲ့ အဖွဲ့ဟာ မတ်လ (၁၅) ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ ဧပြီ (၁) ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ပြင်ပက လွတ်လပ်တဲ့ လေ့လာသူတွေကို  မြန်မာအစိုးရက လာရောက် ကြည့်ရှုခွင့်ပြုမယ့် ကိစ္စအပေါ် လာရောက်စုံစမ်းတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ ရွေးကောက်ပွဲကော်မရှင်က တဆင့် နေပြည်တော်ကို တရားဝင် စုံစမ်းမေးမြန်းခဲ့ပေမယ့် တစုံတရာ ပြန်ကြားချက် မရရှိခဲ့ဘူးလို့ ဆိုပါတယ်။ နောက်ဆုံး သူတို့ရဲ့ ပြည်ဝင်ခွင့်ဗီဇာ မှားယွင်းနေတယ်လို့ ပြောဆိုပြီး နှင်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို နှင်ထုတ်ပြီးတဲ့နောက် အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ အီးယူ၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနဲ့ ကုလသမဂ္ဂတို့က ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ နှစ်ဦးစီနဲ့ သတင်းထောက် သုံးဦးစီကိုသာ လက်ခံမယ်လို့ နေပြည်တော်က ကြေညာခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေကလည်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်နိုင်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ လွတ်လပ်ရေး အာရှကွန်ရက်အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Somsri က မြန်မာအစိုးရဟာ ပွင့်လင်းမြင်သာမှု ရှိမယ်၊ ရိုးသားမယ်ဆိုရင် အရပ်ဘက် အဖွဲ့အစည်းတွေကိုလည်း လွတ်လွတ်လပ်လပ် လာရောက် ကြည့်ရှုခွင့်  ပြုသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့