ပြည်ပရောက် မြန်မာများ မဲစာရင်းပေးရန် နောက်ဆုံးရက်


2015.09.07
election-commission-620.jpeg နေပြည်တော်မှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံစဉ်
Myo Thant Khaing/RFA

လာမယ့် နိုဝင်ဘာလ  ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးလိုတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ စက်တင်ဘာလ ၂၀ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးက ပြောပါတယ်။

အခုချိန်ထိ လူဦးရေ နှစ်သောင်းနီးပါး ရဲ့ လျှောက်လွှာတွေကို စိစစ်နေပြီး ထပ်တိုးပေးထားတဲ့ရက်က လုံလောက်မှုရှိနိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးသန့် က ပြောပါတယ်။

"တစ်ရာထပ်တိုးတယ်ဆိုတာက နောက်ဆုံးဝင်တဲ့ဟာ MOFA ကနေ ထပ်ပြီးတော့ပို့တာ၊ အားလုံးပေါင်း ၁၈၉၇၄ ဖြစ်သွားပြီ၊ အကြမ်းဖျင်း စက်တင်ဘာ ၂ဝ ရက်လောက်အထိ လယ်ခံမယ်ဆိုပြီး စာထွက်ဖို့ လုပ်နေပါတယ်၊ ထပ်တော့တိုးနိုင်တယ်၊ ဒါပေမဲ့ တအားကြီးမများနိုင်ဘူး နောက်ဆုံးဝင်တာတောင်မှ ၁၃ ရုံးတောင်မှ တစ်ရာပဲရှိတယ်"

နိုင်ငံပေါင်း ၃၇ နိုင်ငံမှာရောက်ရှိ နေသူတွေအနေနဲ့ မြန်မာနိုင်ငံသံရုံး၊ ကောင်စစ်ဝန်ရုံး၊ ကိုယ်စားလှယ်ရုံး စတဲ့ ရုံးပေါင်း ၄၄ ရုံးကနေတဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနထံ လျှောက်ထားနိုင်တာဖြစ်ပါတယ်။

အဲဒီလိုလျှောက်ထားသူတွေထဲကမှ အစိုးရရဲ့ အစီအစဉ်နဲ့ ပညာတော်သင်စေလွှတ်ထားသူတွေ၊ တာဝန်ပေးထား သူတွေကိုသာ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ လွဲှပြောင်းပေးတာဖြစ်တယ် လို့ သိရပါတယ်။

လက်တွေ့မှာ ထိုင်း မလေးရှား စင်္ကာပူစတဲ့ နိုင်ငံတွေမှာ အလုပ်လုပ်နေကြသူတွေ မဲပေးပိုင်ခွင့် ဆုံးရှုံးနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးအနံှ့ မဲပေးခွင့်ရှိသူ ၃၃ သန်းနီးပါးရှိပြီး အဲဒီထဲမှာ ပြည်ပရောက်နေသူ စာရင်းလည်း ပါဝင်တယ်လို့ သိရပါတယ်။ ပြည်ပရောက်နေတဲ့ မဲပေးပိုင်ခွင့်ရှိသူ စာရင်းအတိအကျကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။