လျှပ်စစ်မီတာခနှုန်းထားတိုးမြင့်ဖို့ အစီအစဉ်မရှိသေး

2018-05-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လျှပ်စစ်တာဝါတိုင်တွေကို တွေ့ရစဉ်
လျှပ်စစ်တာဝါတိုင်တွေကို တွေ့ရစဉ်
Photo: Kan Thar/ RFA

တနိုင်ငံလုံး လျှပ်စစ်မီးဖြန့်ဖြူးနိုင်ဖို့ အစိုးရက ဒီ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ကျပ်ငွေ ၄၅၀ ဘီလီယံစိုက်ထုတ်သုံး စွဲခဲ့ရသလို အမြဲတန်းလည်း စိုက်ထုတ်သုံးစွဲနေရပေမယ့် လျှပ်စစ်မီတာခ ဈေးနှုန်းတွေကို တိုးမြှင့်ကောက်ခံဖို့ အစီအစဉ် မရှိသေးကြောင်း လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

ဒီကနေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာပြုလုပ်တဲ့ အစိုးရရဲ့ ဒုတိယ ၁ နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနအလိုက် သတင်းစာရှင်းလင်းပွဲမှာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောကြားလိုက်တာပါ။

‘’လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်ပြီးတော့ လျှပ်စစ်ဓာတ်အား တက်မယ်လို့တော့ လောလောဆယ် မရှိသေးပါဘူး၊ ဒါပေမဲ့ နိုင်ငံတော်က ဒီနှစ် ၁၇ - ၁၈ မှာဆိုရင် ၄၅၀ ဘီလီယံကျပ် စိုက်ထုတ်သုံးစွဲ လိုက်ရပါတယ်၊ နိုင်ငံတော်က တောက်လျှောက် နှစ်စဉ်ထုတ်လုပ်မှုတိုးလာတာနဲ့အမျှ ပိုပိုပြီးတော့ စိုက်ထုတ်ရမှာဖြစ်တဲ့အတွက် ဘယ်လိုလုပ်ရမယ်ဆိုတာ စဉ်းစားနေပါတယ်၊ ဆင်းရဲတဲ့ပြည်သူကိုလည်း ကျွန်တော်တို့က ဝန်မပိစေချင်ပါဘူး၊ နည်းလမ်းပေါင်းစုံနဲ့ ဘယ်လိုနှုန်းနဲ့ လုပ်ရမယ်ဆိုတာ သုံးသပ်နေပါတယ် ’’

လက်ရှိတစ်နှစ်တာကာလအတွင်း လျှပ်စစ်မီးမပျက်ဖို့၊ ဗို့အားမှန်မှန်နဲ့ပေးနိုင်ဖို့ ဦးစားပေးဆောင်ရွက်နေ ပြီး ပြည်သူတွေဘက်က လျှပ်စစ်မီးသုံးစွဲမှု ယုံကြည်စိတ်ချလာတဲ့ အခြေအနေရှိလာမှသာ မီတာခနှုန်း ထားတွေ ပြောင်းလဲကောက်ခံဖို့ စဉ်းစားသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိအိမ်သုံးလျှပ်စစ်မီးတစ်ယူနစ်ကို ၅၀ ကျပ်နှုန်း၊ လုပ်ငန်းသုံးတစ်ယူနစ်ကို ကျပ် ၁၀၀ နှုန်းနဲ့ အစိုးရ ကကောက်ခံနေတာဖြစ်ပါတယ်။

ရေအားလျှပ်စစ်ကနေ မဂ္ဂါဝပ် လေးသောင်းလောက်အထိ ထုတ်လုပ်နိုင်စွမ်းရှိနေပေမယ့်လည်း ဘဏ္ဍာရေး အခက်အခဲ၊ တိုင်းရင်းသားဒေသတချို့မှာ နယ်မြေမအေးချမ်းသေးတဲ့ အခြေအနေတွေကြောင့် ထုတ်ပေးနိုင်ခြင်း မရှိသေးဘူးလို့လည်းပြောပါတယ်။

လာမယ့် ၂၀၃၀ ပြည့်နှစ်မှာလည်း တစ်ပြည်လုံးလျှပ်စစ်မီးလင်းစေဖို့ အထူးစီမံကိန်းအနေနဲ့ ရေအားလျှပ်စစ်၊ ဂတ်စ်၊ စွန့်ပစ်အမှိုက်လောင်စာသုံး လျှပ်စစ်ထုတ်လုပ်ရေးနဲ့ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ထုတ်လုပ်နိုင် ဖို့အတွက် ကြိုးပမ်းနေကြောင်းလည်းပြောပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတွေက ရှင်းလင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့