ပြည်ပအလုပ်အကိုင်အေဂျင်စီ နှစ်ရာကျော် အရေးယူမှု ပယ်ဖျက်

RFA Burmese
2024.10.05
ပြည်ပအလုပ်အကိုင်အေဂျင်စီ နှစ်ရာကျော် အရေးယူမှု ပယ်ဖျက် MOU စနစ်ဖြင့် ထိုင်းနိုင်ငံထဲသို့ တရားဝင် ဝင်ရောက်ခွင့်ရခဲ့သည့် မြန်မာအလုပ်သမားများအား ၂ဝ၂၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ပြည်ပရောက် အလုပ်သမားတွေဆီကနေ လွှဲငွေမရတာကြောင့် လိုင်စင်ပိတ်သိမ်းထားတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ နှစ်ရာကျော်ကို စစ်ကောင်စီဘက်က အရေးယူမှု ပယ်ဖျက်လိုက်တယ်လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်း လုပ်နေသူတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ငွေလဲလှယ်နှုန်းနဲ့ ပြင်ပငွေလဲလှယ်နှုန်း ကွာခြားမှုကြောင့် ပြည်ပရောက် လုပ်သားတွေဟာ လုပ်အားခရငွေရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် ငွေပြန်မလွှဲတာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလထဲ ပြည်ပအလုပ်အကိုင် အေဂျင်စီ သုံးရာကျော်ကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက လိုင်စင်ပိတ်သိမ်းခဲ့တာပါ။

အခုလထဲမှာပဲ ပြည်ပရောက် အလုပ်သမားတွေ တရားဝင် ငွေပြန်လွှဲလာတာကြောင့် အဲဒီအရေးယူမှုတွေ ပယ်ဖျက်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အခု အေဂျင်စီ သုံးဆယ်ကျော်ကျော်လောက်ပဲ ကျန်တော့တယ်။ အရင်တုန်းက တော်တော်များများ အပိတ်ခံရတယ်။ အစက ဟွန်ဒီ(တရားဝင်) နဲ့ လွှဲတာက တရားဝင်လွှဲတာနဲ့ ဆိုရင် ငွေစျေးက ကွာနေတော့မလွှဲချင်ကြဘူး။ အခု ဗဟိုဘဏ်ဘက်က သတ်မှတ်ဈေးက ပြင်ပပေါက်ဈေးနဲ့ အရမ်းကြီးမကွာတော့ တရားဝင်ငွေပြန်လွှဲလာကြတယ်”

စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို အလုပ်လုပ်နေတဲ့ လုပ်သားတစ်ဦးကို တစ်လကို မလေးရှားရင်းဂစ် ၃၀၀ နဲ့ ထိုင်းမှာအလုပ်လုပ်နေတဲ့ လုပ်သားတစ်ဦးကို ထိုင်းဘတ်ငွေ ၂၀၀၀ ကို တရားဝင်ငွေလွှဲစနစ်နဲ့ ပြည်တွင်းထဲ ပြန်လွှဲဖို့ ညွှန်ကြားထားတာပါ။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနကို RFA က အောက်တိုဘာ ၅ ရက် ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ရုံးဖွင့်ရက်အတွင်း ပြန်လည်ဆက်သွယ်ပေးဖို့ ပြောပါတယ်။

ပြည်ပရောက် အလုပ်သမားတွေရဲ့ လုပ်ခလစာ ၂၅ ရာခိုင်းနှုန်းကို တရားဝင်လမ်းကြောင်းက မလွှဲရင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးဘဲ ပြည်ပထွက်ခွင့်ပိတ်မဲ့အပြင် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) လည်း ထုတ်မပေးဘူးလို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။