လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ မြစ်ကြီးနားမြို့ ကို ထပ်မံရောက်ရှိ


2013.10.28
welcome-ethnic-leader-305.jpg လိုင်ဇာမြို့မှာကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေရဲ့ ညီလာခံကို တက်ရောက်ဖို့လာတဲ့ ကိုယ်စားလှယ်များကို အောက်တိုဘာလ ၂၈ ရက်နေ့ က မြစ်ကြီးနားမြို့မှာ ကြိုဆိုနေကြစဉ်
photo: Nyo Ohn Myint

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ အခုလ ၃၀ ရက်နေ့ကနေ နိုဝင်ဘာလ ၁ ရက်နေ့ထိကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေရဲ့ ညီလာခံကို တက်ရောက်ဖို့ လက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့က ကိုယ်စားလှယ် ၃၂ ယောက်ဟာ ဒုတိယအသုတ်အဖြစ် မြစ်ကြီးနားမြို့ကို ဒီနေ့နေ့လည်ပိုင်းက ရောက်ရှိသွားကြပါတယ်။

လိုင်ဇာဆွေးနွေးပွဲဟာ ရှမ်းပြည်နယ် ပင်လုံမြို့မှာ ၁၉၄၇ခုနှစ် ဖေေဖော်ဝါရီလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ညီလာခံလိုမျိုး အနှစ်သာရအားဖြင့် အရေးကြီးတဲ့ ညီလာခံကြီးဖြစ်တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးဆန်းအောင်က RFA ကို အခုလိုပြောပါတယ်။

“ဒီနေ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ ရောက်မှာပါ၊ တရုတ်ပြည်ဘက်ကနေလာတဲ့ အဖွဲ့တွေရှိပါတယ်၊ ဒီနေ့ ရောက်ပြီလို့ပြောပါတယ်၊ လိုင်ဇာဘက်ကို ၂၉ ရက်နေ့ပို့မှာပါ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ခေါင်းစဉ်ကိုပဲ အဓိကဦးတည်ဆွေးနွေးမယ်၊ ပြီးတော့ သူတို့စီမံချက်လေးတစ်ခုကိုရေးဆွဲပြီး အစိုးရကိုတင်ပြပြီးမှ နေပြည်တော်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးကြဖို့အတွက် အရေးကြီးတဲ့ဆွေးနွေးပွဲတစ်ခုပါ၊ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ညီလာခံကြီးလို့ ပြောလို့ရပါတယ်”

မြစ်ကြီးနားမြို့ကို ဒီနေ့ရောက်ရှိလာတဲ့ အဖွဲ့တွေကတော့ ကရင်အမျိုးသားအစည်းရုံး KNU၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ကရင်နီတိုးတက်ရေးပါတီ KNPP စတဲ့အဖွဲ့ ၁၀ဖွဲ့က ကိုယ်စားလှယ်တွေဖြစ်ပြီး လိုင်ဇာဆွေးနွေးပွဲကိ ုတက်ရောက်ဖို့ မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၉ ဖွဲ့ကို ကေအိုင်အိုက ဖိတ်ကြားထားပါတယ်။

လိုင်ဇာဆွေးနွေးပွဲကို လေ့လာသူအဖြစ် အစိုးရကိုယ်စားလှယ်တွေ တက်ရောက်ဖို့ရှိတယ်လို့ မီဒီယာတချို့မှာ ဖော်ပြနေပေမဲ့လည်း တရားဝင်အကြောင်းကြားတာ မရှိသေးဘူးလို့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC ကပြောပါတယ်။

အခုလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ ညီလာခံကို ကျင်းပနိုင်တာဟာ ဒီလဆန်းပိုင်းက မြစ်ကြီးနားမြိုမှာ ပြုလုပ်ခဲ့တဲ့ အစိုးရနဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေရဲ့ သဘောတူညီချက် ၇ ချက်ထဲက ကေအိုင်အိုအဖွဲ့ရဲ့တောင်းဆိုချက်ကို အကောင်အထည်ဖော်နိုင်တာဖြစ်ပါတယ်။

လိုင်ဇာဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ပြည်တွင်းနိုင်ငံရေးအဖွဲ့တွေရဲ့ သဘောထားတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားတာနားဆင်နိုင်ပါပြီ။

ပြည်ပတိုင်းရင်းသားအဖွဲ့တွေရဲ့ အမြင်တွေကိုတော့ မခင်ခင်အိက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။