ရှမ်းမြောက် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခကြား ရွာသားတွေ ဖမ်းဆီးခံနေရ

သစ်ဆင်း (ဝါရှင်တန် ဒီစီ)
2021-06-15
Share

ရှမ်းပြည်နယ်အတွင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး စတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ နယ်မြေစိုးမိုးရေးအတွက် စစ်ရေးပဋိပက္ခတွေအတွင်း ဒေသခံတွေကို လူသစ်စုဆောင်းခံရတာတွေ တဘက်တပ်ဖွဲ့ ဆီ သတင်းပေးတဲ့ သူတွေဆိုပြီး ဖမ်းဆီးတာတွေကြောင့် ဒေသခံရွာသား နှစ်ဆယ်ကျော်တို့ အဖမ်းခံထားကြရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်ဆိုင်ရွာက အသက် ၄၂ အရွယ် ရွာသူကြီး ကွန်ဦး၊ အသက် ၃၆ နှစ်အရွယ် အိုက်အမွန်း (ခေါ်) ကွန်ပွဲ၊ လွယ်ဆာရွာက အသက် ၂၆ နှစ်အရွယ် အိုက်ကျော်နဲ့ အသက် ၂၅ နှစ် လွေးအေးလူ တို့ကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ဝင်တွေက ဇွန်လ ၇ ရက် ညကိုးနာရီမှာ လာ ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန့်ယန်းမြို့နယ်ထဲက ကျေးရွာအုပ်စုတွေကနေ SSPP တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်မယ့်သူ တစ်ရွာကို ငါးဦးနှုန်းနဲ့ စုစည်းပေးဖို့ လွန်ခဲ့တဲ့ မေလ ၁၂ ရက်နေ့က SSPP တပ်ဖွဲ့ဝင်တွေက ရွာမှာအစည်းအဝေးလုပ်ပြီး တောင်းဆိုခဲ့တာမှာ သတ်မှတ်ရက်အတွင်း တောင်းခံတဲ့လူဦးရေ မပြည့်လို့ဆိုပြီး ရွာသူကြီးအပါအဝင် လေးဦးကို ဖမ်းဆီးသွားတာလို့ အမည်မဖော်လိုတဲ့ ရွာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အဲဒီ SSPP အဖွဲ့ကလာတယ်၊ အစည်းအဝေးလုပ်တယ် ပြီးတော့သူတို့ကိုယ်စားပြုမယ့် ရွာထဲကလူတွေကို ကောက်ပြီးဖွဲ့တယ်၊ အဲထဲမှာ လွယ်ပန်ရွာက သူကြီးကောအပါအဝင်ပေါ့နော်၊ အတွင်းရေးမှူးတော့မပါဘူး၊ ပြီးတော့ လွယ်ပန်ရွာရဲ့ ရှစ်အုပ်စုမှာ တစ်ရွာကို လူငါးယောက် ငါးယောက်တောင်းတယ်ပေါ့နော်၊ သူတို့ အစည်းအဝေးမှာတော့ စေတနာလို့ပြောတယ်၊ သို့ပေမယ့်လည်း ဝင်တဲ့လူမရှိဘူး သုံးလေးငါးရက်နေလည်း ဝင်တဲ့လူမရှိဘူး လေးယောက်လားမသိဘူးရတော့ရတယ်၊ တောင်းသလောက် သူတို့မရတဲ့အခါကျတော့ လကုန်အထိ သူတို့ပြန်စောင့်မယ်တဲ့၊ လကုန်ပြီး ခြောက်လပိုင်း ခုနှစ်ရက်မှာတော့ လွယ်ပန်ရွာက သူကြီးနဲ့ အတွင်းရေးမှူးကို ဖမ်းခေါ်သွားတာပေါ့နော်"

လက်ရှိမှာ သူတို့ကို မိုင်းရှုးမြို့နယ်က SSPP တပ်ဖွဲ့တွေ လှုပ်ရှားရာနေရာတစ်ခုမှာ ဖမ်းဆီးထားတယ်လို့ သိရကြောင်းနဲ့ ဖမ်းခံထားရသူတွေကို ခြေလက်တွေကိုလည်း ကြိုးတုပ်ထားသလို သောက်ရေလည်း ပုံမှန် မသောက်ကြရဘူးလို့ သိရကြောင်း မိသားစုဝင် နီးစပ်သူက RFA ကို ပြောပါတယ်။

"ရွာသားကို အခုလိုဖမ်းသွားတယ်ဆို ကျွန်မတို့အတွက်လည်း လုံခြုံမှု မရှိဘူးပေါ့နော်"

အလားတူပဲ ဇွန်လ ၇ ရက်နေ့က မိုင်းရယ်မြို့နယ် ပန်နိမ်းကျေးရွာအုပ်စု၊ မန်ဖက်ရွာက အမျိုးသား ကိုးဦးကို ညဆယ်နာရီလောက်မှာ SSPP တပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။ ဇွန်လ ၁၀ ရက်နေ့မှာတော့ မိုင်းရယ်မြို့နယ် နားဝါအုပ်စုက မိုင်းစံလျန်၊ ကွန်အောင်ကွန်အင်၊ ကွန်အိုက်ခမ်း ဆိုတဲ့ အမျိုးသားလေးဦးကို SSPP တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး သုံးဦးကို လွှတ်ပေးခဲ့ပေမယ့် မိုင်းစံလျန် ကတော့ လွတ်မလာသေးဘူးလို့ ဒေသခံက ပြောပါတယ်။

နမ္မတူမြို့မှာတော့ ဇွန်ုလ ၇ ရက်နေ့က ပန်လုံကျေးရွာ သားလုင်းခေးဆိုသူကို SSPP တပ်ဖွဲ့ဝင်တွေက ဖမ်းဆီး သွားခဲ့ပြီး ဌာနချုပ်မှာ စစ်ဆေးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ဒါကြောင့် နှစ်လအတွင်း SSPP တပ်ဖွဲ့က ဖမ်းဆီးထားတဲ့ကျေးရွာသား ဆယ့်ငါးဦးကျော်ရှိနေပြီဖြစ်ပါတယ်။

SSPP တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့မေလအတွင်း သူတို့ထိန်းချုပ်တဲ့နယ်မြေအချို့မှာ ကျေးရွာခေါင်းဆောင်ပိုင်းတွေကို မဲစနစ်နဲ့ ရွေးချယ်တာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

sspp-tnla.jpeg
(SSPP/SSA နဲ့ TNLA ပူးပေါင်းအဖွဲ့ကို တွေ့ရစဉ်)

မေလအတွင်းက SSPP နဲ့ TNLA ပူးပေါင်းတပ်တွေနဲ့ RCSS တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့တဲ့ နမ္မတူမြို့နယ် ရေအိုးရွာမှာတော့ ဦးထွန်းအုပ်ဆိုသူ အမျိုးသားတစ်ဦးကို TNLA တပ်ဖွဲ့က ဖမ်းဆီးသွားတာ နှစ်ပတ်ပြည့် တော့မယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။ သူ့ကို ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မသိရသလို အဆက်အသွယ် လည်းမရဘူးလို့ ဇနီးဖြစ်သူ အေးနောင့် က ပြောပါတယ်။

"လာထောက်ခံပါလို့လည်း မပြောဘူး ဘာမှလည်းမပြောဘူး သူတို့က ဒီအတိုင်းပဲငြိမ်နေတာကော၊ ဟိုတခါ တုန်းက သူတို့က ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးနဲ့ပေါ့နော် လာခဲ့ပါတဲ့ ကျွန်မတို့ကသွားတယ်၊ ပြီးခဲ့တဲ့ စနေနေ့ပေါ့နော် သူတို့ ခေါ်သွားတယ် ကျွန်မတို့သွားတယ် လူကြီးနဲ့လည်းမတွေ့ခဲ့ဘူး ဘာမှလည်းမတွေ့ ရဘူး ပြန်လာရတယ်၊ ခေါ်သွားတာ တနင်္ဂနွေနေ့၊ ဒီနေ့အင်္ဂါနေ့ဆို နှစ်ပတ်ကျော်သွားပြီလေ၊ ကျွန်မ တောင်းဆိုချင်တာက လူကြီးမမေးဘဲနဲ့ ရွာသားကို အခုလိုဖမ်းသွားတယ်ဆို ကျွန်မတို့အတွက်လည်း လုံခြုံ မှုမရှိဘူးပေါ့နော်၊ ဖမ်းချင်ရင် အုပ်ချုပ်ရေးမှူး ပြောပြီးမှဖမ်းပေါ့၊ ကျွန်မတို့လည်း သူဘာအပြစ်ရှိလဲဆိုတာ မသိဘူးလေ"

အဲဒီရေအိုးရွာမှာပဲ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့မှာ အသက်လေးဆယ်အရွယ် ရေအိုးရွာသူကြီး ဦးကြာယုံနဲ့ သားနှစ်ယောက်ဖြစ်တဲ့ မိုင်းနေလင်းစွာနဲ့ မိုင်းနေလင်းဦး တို့ကို RCSS တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပါတယ်။

မန်ဆာကျေးရွာက မိုင်းချစ်မောင်လေးနဲ့ ဦးအိုင်ငင်း တို့ကိုလည်း မေလ ၂၈ ရက်နေ့မှာ RCSS က ဖမ်းဆီး ထားတာပါ။

သူတို့ငါးဦးကို ဖမ်းဆီးထားပြီး ပြန်လွှတ်ပေးမှာဖြစ်ကြောင်းကိုတော့ နမ္မတူမြို့နယ်အတွင်းလှုပ်ရှားတဲ့ RCSS တပ်မှူးက ရှမ်းမြောက်ဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာနကို ပြောကြားထားတဲ့သတင်းကို မကြာသေးခင် ရက်ပိုင်းက ဖော်ပြထားပါတယ်။ မိသားစုတွေကတော့ ပြန်လာမယ်လို့ မျှော်လင့်နေကြတယ်လို့ မန်ဆာ ကျေးရွာသား အိုက်ရီ က ပြောပါတယ်။

"အရင်လိုပဲ အဆက်အသွယ်ဘယ်လိုမှမရဘူး၊ ဦးချစ်မောင်လေး တို့လာဖို့ စောင့်နေတာပဲရှိတယ်၊ သူ့ညီမလည်း အိမ်ထောင်ကျသွားတာဆိုတော့ အခုမင်္ဂလာတောင် မဆောင်ရသေးဘူး၊ သူ့အစ်ကိုကို စောင့်နေတာ မလာမချင်း မလုပ်ဘူးလို့ ပြောတာပဲ၊ မျှော်လင့်ချက်ထားတာကလွဲရင် ကျန်တာဘာမှ မျှော်လင့်လို့မရတာ ပြန်လာမယ်လို့တော့ မျှော်လင့်ထားတာပဲ"

ကျောက်မဲမြို့နယ် တော့ဆန်ညောင်မောင်းကျေးရွာတွေမှာလည်း ရွာသားသုံးဦးကို လွန်ခဲ့တဲ့ ဇန်နဝါရီလမှာ RCSS တပ်ဖွဲ့က ဖမ်းဆီးထားပြီး ပြန်လွတ်လာတာ မရှိသေးပါဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ရာနယ်မြေတွေမှာ လက်နက်ကိုင်တစ်ဖွဲ့ချင်းစီရဲ့ မူဝါဒတွေအပေါ်အခြေခံပြီး ကျေးရွာသားတွေဟာ အခုလိုပဲ မကြာခဏ လူသစ်စုဆောင်းခံရတာ၊ ငွေကြေးပေးရတာ၊ သတင်းပေးဆိုပြီး မကြာခဏ အဖမ်းခံရတာတွေရှိပါတယ်။

ဒီလိုကျေးရွာသားတွေ အဖမ်းခံနေရတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး SSPP ပြန်ကြားရေးတာဝန်ခံတွေကို RFA က ဇွန်လ ၁၅ ရက်နေ့ ဒီကနေ့ နေ့လယ်ပိုင်းအထိ ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ ဆက်သွယ်လို့ မရသေး ပါဘူး။

RCSS ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံကတော့ ကျေးရွာသားတွေ အဖမ်းခံရတဲ့သတင်းနဲ့ ပတ်သက်လို့ အသေး စိတ် မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

တအာင်းပလောင် ကျေးရွာသားတွေ အများဆုံးအဖမ်းခံရတဲ့ တန့်ယန်းမြို့နယ်အတွင်းမှာ SSPP တပ်ဖွဲ့အပြင် TNLA တပ်တွေ လှုပ်ရှားလေ့ရှိပါတယ်။

ဒီအတွက် ရွာသားတွေ ဖမ်းဆီးခံရတဲ့အပေါ် မဟာမိတ်တပ်ဖွဲ့ဝင်အချင်းချင်းဖြစ်တဲ့ TNLA နဲ့ SSPP တပ်ဖွဲ့တွေအကြား ညှိနှိုင်းပေးမှုရှိ မရှိ RFA က မေးမြန်းတာမှာတော့ မသိရသေးဘူးလို့ TNLA ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

ရေအိုးရွာသား ဦးထွန်အုပ်ကို TNLA က ဖမ်းဆီးထားတဲ့ကိစ္စကို မေးမြန်းရာမှာတော့ အောက်ခြေကနေ သတင်း တက်မလာသေးကြောင်း အပြစ်မရှိဘဲ ဖမ်းဆီးခံရတယ်ဆိုရင် TNLA လူထုဆက်ဆံရေးဌာနကို တိုင်ကြားလို့ ရကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့