တိုင်းရင်းသား အခွင့်အရေး အကြံပြုချက် လွှတ်တော်ကို တင်ပြသွားမည်


2013.07.08
forming-the-federal-union-party-305.jpg ဖက်ဒရယ်ယူနီယံပါတီ(FUP)တည်ထောင်ဖို့ ညီနောင် တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF)က၊ တောင်ကြီးမြို့မှာ ဇွန်လ ၁၁ ရက်နေ့က တွေ့ဆုံဆွးနွေးပွဲကျင်းပခဲ့စဉ်
photo: RFA/ Kyaw Myo Tun

ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင် တိုင်းရင်းသား အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး သူတို့ ဆွေးနွေးမှုတွေကနေ ရရှိအကြံပြုတဲ့ အချက်အလက်တွေကို လွှတ်တော်မှာ တင်ပြသွားမယ်လို့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF အဖွဲ့က ပြောပါတယ်။

အဲဒီ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းမှာ ပါဝင်တဲ့ အဖွဲ့ဝင်ပါတီ ၁၅ ခုဟာ နေပြည်တော်၊ ရတနာသိင်္ဃဟိုတယ်မှာ မနေ့က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့တာပါ။

သူတို့ရဲ့ ဆွေးနွေးမှုရလာဒ်တွေဟာ အခြေခံဥပဒေ ကိုပြင်ဆင်ဖို့ အထောက်အကူဖြစ်စေတယ်လို့  ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က RFAကို ပြောပါတယ် ။

"အဓိကကတော့ တိုင်းရင်းသားရဲ့ အခွင့်အရေးကာကွယ်ဖို့ဟာ တိုင်းရင်းသားတွေမှာ တာဝန်အရှိဆုံးဖြစ်တယ်၊ ကျနော်တို့ စလိုက်တဲ့ကိစ္စဟာ အသုံးတည့်လိမ့်မယ်လို့ ထင်ပါတယ်၊ အခြေခံဥပဒေ ပြုပြင်တဲ့နေရာမှာ ကျနော်တို့ တိုင်းရင်းသားဖက်ကနေ လိုချင်တဲ့ Guide Line ကို ရမှာဖြစ်တယ်"

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပညာရှင် ဒေါက်တာ ဆလိုင်းငွန်ကျုန်းလျန်းကလည်း ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့ ဒီဆွေးနွေးပွဲမှာ တင်ပြခဲ့တယ်လို့ ပြောပါတယ်။

"ဖက်ဒရယ်စနစ်ကို အမြင်မှားပြီးတော့ ခွဲထွက်ရေးလို့မြင်ခဲ့တဲ့အတွက် ကျနော်တို့တိုင်းပြည်မှာ ဖက်ဒရယ်က ကြောက်စရာဖြစ်ခဲ့တယ်လေ၊ ဒါပေမယ့် ကျနော်သိတာက ဖက်ဒရယ်က ခွဲထွက်ရေးမဟုတ်ဘူး၊ ခွဲထွက်ရေးဟာလည်း ဖက်ဒရယ်စနစ်မဟုတ်ဘူး၊ အဲဒါကို ကျနော်တို့ တိုင်းရင်းသားအဖွဲ့ ၁၅ ဖွဲ့က ခေါင်းဆောင်တွေရော၊ လွှတ်တော်ထဲက လူတွေရော သိအောင်ပြောဖို့က ကျနော့်တာဝန်လို့ထင်တယ်လေ၊ အဲဒါကြောင့် ကျနော်ဒီမှာ ဝင်ပါပြီးတော့ပြောတာဖြစ်တယ်၊ အဲဒါကို လက်ရှိ ၂ဝဝ၈ အခြေခံဥပဒေနဲ့ တွဲပြီးတော့ လာဆွေးနွေးရခြင်းဖြစ်ပါတယ်"

ဒီဆွေးနွေးပွဲမှာ NBF အဖွဲ့ဝင်တွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ဖလုံ- စေါ်ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွ့ံ့ဖြိုးတိုးတက်ရေးပါတီစတဲ့ ညီနောင်ပါတီတွေ  တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။