၆ ပွင့်ဆိုင်အတွက် တိုင်းရင်းသား ကိုယ်စားလှယ် ဒေါက် တာအေးမောင်ကို ရွေးချယ်


2014.11.27
dr-ayemaung-305 အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ပုံ
Photo: Myo thant Khaing/RFA

၆ ပွင့်ဆိုင်တွေ့ဆုံပွဲအတွက် တိုင်းရင်းသားကိုယ်စား လှယ်အဖြစ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ အေးမောင်ကို တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေက လျှို့ဝှက်မဲပေးစနစ်နဲ့ ဒီနေ့ ရွေးချယ်လိုက်ပါတယ်။

အဲ့ဒီ ၆ ပွင့်ဆိုင်တွေ့ဆုံပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်နိုင်ရေးကို အဓိက ဆွေးနွေးကြမှာဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

"၆ ဦးတွေ့တယ်ဆိုတဲ့ကဏ္ဍဟာ ဒါအရေးကြီးတဲ့ ကဏ္ဍတစ်ခုကို လုပ်တယ်လို့သုံးသပ်ပါတယ်၊ အဲ့ဒီကဏ္ဍဟာလည်းပဲ ပြည်ထောင်စုတစ်ခုလုံးနဲ့ပတ်သက်တဲ့ ငြိမ်းချမ်းမှှု၊ ဖွံ့ဖြိုးတိုးတက်မှှု အားလုံး ကို ဆောင်ကြဉ်းပေးနိုင်သလို အထွေထွေသဟဇာတဖြစ်ရေးမူအရ တည်ငြိမ်အေးချမ်းတဲ့ မြန်မာ အစိုးရတစ်ရပ် အရှေ့တောင်အာရှမှာ ပေါ်လာနိုင်တဲ့အခြေအနေရှိတယ်လို့ သုံးသပ်ပါတယ်၊ အဲ့ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပထမပြုပြင်နိုင်ခြင်းပေါ့နော်၊ ပြီးမှပဲ အကျိုးဆက်က ပြည်တွင်းငြိမ်းချမ်းရေးရမယ်၊ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းမယ်၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးပါဝင်တဲ့ ၂ဝ၁၅ အလွန် ပြည်ထောင်စုအစိုးရရဲ့ ပေါ်ထွန်းလာရေးကို မျှော်မှန်းတယ်လို့ ကျနော် နားလည်းပါတယ်"

ပြည်ထောင်စုလွှတ်တော် နာယကက ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမှာ တက်ရောက်မယ့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ထဲက ရွေးချယ်ပေးဖို့ မနေ့က ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ ဥပဒေအဖြစ် ပြင်ဆင်နိုင်ဖို့အတွက် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ လွှတ်တော်နှစ်ရပ်က ဥက္ကဌတွေနဲ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၁ ဦးတို့ တွေ့ဆုံကြဖို့ တိုက်တွန်းကြောင်းအဆိုကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက ပြီးခဲ့တဲ့ နှစ်ရက်က တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဖဲ့ွစည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီရဲ့အစီရင်ခံစာအပေါ် နှစ်ပတ်ကြာ ပါဝင်ဆွေးနွေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၄၀ ဦးရဲ့ ဆွေးနွေးချက်တွေကို မူကြမ်းတစ်ခုရေးဆွဲပြီး နောက်နှစ် ဇန်နဝါရီလမှာ ပြန်လည်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းမှာဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင် တွေ့ဆုံမေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။