တိုင်းရင်းသား လူငယ် ညီလာခံ ပင်လုံမှာ စတင်


2016.07.27
ethnic-youth-conference-620.jpg ရှမ်းပြည်နယ် ပင်လုံမြို့မှာကျင်းပတဲ့ တိုင်းရင်းသားလူငယ်များ ညီလာခံကို တက်ရောက်လာတဲ့ ပအိုဝ်းတိုင်းရင်းသား လူငယ်ကိုယ်စားလှယ်တွေကို ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: National Ethnic Youth Conference - Myanmar

ရှမ်းပြည်နယ် ပင်လုံမြို့မှာ  တိုင်းရင်းသား လူငယ်ပေါင်းစုံ တက်ရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ ညီလာခံကို ဒီကနေ့ စတင်ကျင်းပနေပါတယ်။

ညီလာခံ စတင်ကျင်းပတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ညီလာခံဖြစ်မြောက်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းနှောင်းထော က အခုလို ပြောပါတယ်။

"အခမ်းအနား အစီအစဉ်က အရင်ဆုံးဖွင့်ပွဲပေါ့နော်၊ ဖွင့်ပွဲပြီးတော့ နိုင်ငံတော်အလံ၊ တိုင်းရင်းသားအလံတွေကို အလေးပြုတယ် ပြီးတော့ ကော်မတီရဲ့ သမိုင်းကြောင်းတွေ ရှင်းပြတယ်၊ ရည်ရွယ်ချက်တွေပြောပြတယ်၊ ညီလာခံရဲ့ စည်းမျဉ်းစည်းကမ်းတွေပြောတယ်၊ နောက်သဝဏ်လွှာတွေ ဖတ်တယ်ပေါ့နော်"

ညီလာခံဖွင့်ပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဌ ဦးစိုင်းခမ်းပိုင်ဖနဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(KNPLF)၊ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရ.လ.လ.ဖ) တို့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

ညီလာခံကျင်းပနိုင်ဖို့ ရှမ်းပြည်နယ်အစိုးရက မနေ့ညနေက ခွင့်ပြုပေးလိုက်တာဖြစ်ပြီး အရင်က ခွင့်ပြုချက်တင်ရာမှာ ဝန်ကြီးချုပ် ခရီးလွန်နေတဲ့အတွက် ဆိုင်းငံ့ထားဖို့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးက ဆုံးဖြတ်ပေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီညီလာခံကို တိုင်းရင်းသား လူူငယ် ၇၀၀ နီးပါး တက်ရောက်နေကြတာဖြစ်ပြီး လာမယ့် ၃၁ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ညီလာခံမှာ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး လက်တွဲဖြေရှင်းဖို့၊ အမျိုးသား နိုင်ငံရေး ဆုံးဖြတ်ချက်နဲ့ မူဝါဒရေးရာ အကောင်အထည်ဖေါ်ရာမှာ လူငယ်တွေ ပါဝင်နိုင်ဖို့အတွက် ဦးတည်ချက် ထားပြီး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အခုကျင်းပနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံက ရရှိတဲ့ရလာဘ်တွေဟာ မကြာခင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးမှာ အထောက်အကူပြုနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း လူငယ်ညီလာခံ ကျင်းပရေးကော်မတီရေးဝင် မမိုင်းမိုင် က ပြောပါတယ်၊ မမိုင်းမိုင် ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။