အိန္ဒိယထောင်မှ ရခိုင်နှင့် ကရင် တော်လှန်ရေးသမားများ လွတ်မြောက်

အိန္ဒိယနိုင်ငံမှာ ၁၀ နှစ်ကျော် အကျဉ်းကျခံနေကြရတဲ့ ရခိုင်နဲ့ ကရင် လက်နက်ကိုင် တော်လှန်ရေးသမားတွေဟာ မေလ ၁၈ ရက် ကြာသပတေးနေ့ နေ့လည် ၂ နာရီက ကာလကတ္တား အကျဉ်းထောင်ကနေ လွတ်မြောက်လာခဲ့ကြပါတယ်။

2011.05.19
arakan_rebels_india_305_z.jpg အိန္ဒိယ အစိုးရက ဖမ်းဆီးထားသော ရခိုင်လက်နက်ကိုင် တော်လှန်ရေးသမား ၂၄ ဦးနှင့် ကရင် လက်နက်ကိုင် တော်လှန်ရေးသမား ၁၀ ဦးကို ၂၀ဝ၇ ခုနှစ် ဧပြီ ၁၈ ရက်က ကလကတ္တား တရားရုံးသို့ ရဲအချုပ်ကားဖြင့် ရုံးထုတ်လာစဉ် တွေ့ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

နယူးဒေလီမြို့တော်ကို ထွက်ခွာဖို့အတွက် ကာလကတ္တား လေဆိပ်မှာ ရောက်ရှိနေကြချိန်အတွင်း RFA က ဆက်သွယ် မေးမြန်းခဲ့ရာမှာ လွတ်မြောက်လာသူတဦး ဖြစ်တဲ့ ရခိုင်အမျိုးသား ခိုင်ဓညလင်းက လွတ်မြောက်လာပေမဲ့ အိန္ဒိယနိုင်ငံမှာ ဆက်နေရရင် လုံခြုံရေးအတွက် စိုးရိမ်မိတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ အနေနဲ့ကတော့ အိန္ဒိယမှာ နေတဲ့ အချိန်ကာလတလျှောက်မှာ လုံခြုံရေးမရှိဘူးလို့ ခံစားရတာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ အိန္ဒိယမှာ ကျွန်တော်တို့ဟာ ပြည်ပြေးတွေပေါ့နော်၊ ပြဿနာ တစုံတရာဖြစ်ဖြစ်၊ ဒါမှမဟုတ် နောက်ထပ် အမှုတစုံတရာဖြစ်ဖြစ်၊ တခုခု ဖြစ်ပြီးတော့ ကျွန်တော်တို့ အဲဒီလိုမျိုး ပြန်ပြီးတော့ ဖမ်းဆီးမဲ့ အခြေအနေတွေက ကျွန်တော်တို့ဖက် အများကြီး ရှိပါတယ်ခင်ဗျ။ အဲဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ အိန္ဒိယမှာ ရှိနေသရွေ့ ကာလပတ်လုံး ကျွန်တော်တို့အတွက် လုံခြုံမှု မရှိဘူးလို့ ကျွန်တော်တို့ ခံစားရပါတယ်။ ကျွန်တော်တို့ စိုးရိမ်ပါတယ်ခင်ဗျ။”

အဲဒီ ရခိုင်နဲ့ ကရင် လက်နက်ကိုင် တော်လှန်ရေးသမားတွေဟာ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက အိန္ဒိယ ထောက်လှမ်းရေးရဲ့ လျှို့ဝှက် ဖိတ်ခေါ်ချက်အရ အိန္ဒိယပိုင် အက်ဒမန်ကျွန်း အနီး လမ်းဖောကျွန်းကို စက်လှေတွေနဲ့ လာရောက်စဉ် အိန္ဒိယရေတပ်နဲ့ လေတပ်တို့ရဲ့ ဝိုင်းဝန်းဖမ်းဆီးတာ ခံခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီလို အဖမ်းခံခဲ့ရပြီးနောက် ခေါင်းဆောင်ဖြစ်တဲ့ ခိုင်ရာဇာ အပါအဝင် ၆ ဦးကို အိန္ဒိယ ထောက်လှမ်းရေးက ပစ်သတ်ခဲ့ပါတယ်။

ကျန်တဲ့သူတွေကို အက်ဒမန်ကျွန်း ပို့ဘလဲယားမြို့မှာ အကျယ်ချုပ်နဲ့ ချုပ်နောင်ထားရာကနေ ကာလကတ္တား အကျဉ်းထောင်ကို ၂၀၀၆ ခုနှစ် အောက်တိုဘာလကုန်မှာ ပြောင်းရွှေ့ချုပ်နှောင် ခဲ့ပါတယ်။

သူတို့ လွတ်မြောက်ရေးအတွက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ကြိုးစားဆောင်ရွက် ခဲ့ကြပါတယ်။ အခုတော့ သူတို့ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ လေဆိပ်မှာ မြန်မာနိုင်ငံသား ရခိုင်၊ ကူကီး၊ ကချင်၊ နာဂနဲ့ ချင်း စတဲ့ တိုင်းရင်းသားတွေက မိမိတို့ရိုးရာ တိုင်းရင်းသားဝတ်စုံတွေ ဝတ်ဆင်ပြီး သူတို့ကို အခမ်းအနားတွေနဲ့ ကြိုဆိုဖို့ စောင့်ဆိုင်းခဲ့ကြပါတယ်။

ပြန်လွတ်လာတဲ့ ရခိုင်အမျိုးသား ခိုင်ဓညလင်းနဲ့ RFA မှ ဦးခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်း ထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-05-19 12:24

The moral of this story is that never trust some sweet talk by the big boys. When their bigger interest is in stake, they would scarifice the pawns, eventually and pretend never promised anything before.