ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တပ်နဲ့နယ်ခြားစောင့်အရာရှိ ၇ ယောက်ကို EU ပိတ်ဆို့အရေးယူ


2018.12.21
eu-622 EU ရဲ့ပိတ်ဆို့အရေးယူခံထားရသော အရာရှိ ၇ ဦး၊
(Photo:Official Journal of the European Union)

ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တပ်နဲ့နယ်ခြားစောင့်အရာရှိ ၇ ယောက်ကို EU ပိတ်ဆို့အရေးယူ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာ့တပ်မတော်နဲ့နယ်ခြားစောင့်တပ်က အရာရှိ ၇ ယောက်ကို EU ဥရောပသမဂ္ဂက ပိတ်ဆို့ အရေးယူတဲ့စာရင်းထဲထပ်မံထည့်သွင်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ ကချင်နဲ့ ရှမ်းပြည်နယ်က လူနည်းစုတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်ထားတဲ့ အတွက် အရေးယူတာလို့ ဒီဇင်ဘာလ ၂၁ ရက် မနေ့ညကထုတ်ပြန်တဲ့ EU ကြေညာချက်မှာဖော်ပြထားပါတယ်။

အရေးယူခံရတဲ့တပ်မတော်အရာရှိတွေအနေနဲ့ EU နိုင်ငံတွေကို ခရီးသွားခွင့်ရမှာမဟုတ်သလို၊ နိုင်ငံခြားဘဏ်တွေမှာ သူတို့အပ်နှံထားတဲ့ငွေကြေးနဲ့ပိုင်ဆိုင်မှုတွေကို အထုတ်အသွင်းလုပ်ခွင့်ရတော့မှာမဟုတ်ပါဘူး။

ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကဖွဲ့စည်းလိုက်တဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်အစီရင်ခံစာအပြင်၊ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်က ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ တခြားနိုင်ငံတကာအဖွဲ့တွေကထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေအရ အဲဒီပြည်နယ် ၃ ခုမှာ လူ့အခွင့်အရေးချိုး ဖောက်တဲ့ဖြစ်ရပ်တွေအတွက်တာဝန်ရှိတဲ့ တပ်ပိုင်းဆိုင်ရာအရာရှိတွေကို EU က အရေးယူနေတာလို့ ဆိုပါတယ်။

အရေးယူခံရတဲ့ပုဂ္ဂိုလ်တွေကတော့ တပ်မ (၉၉) တပ်ရင်းမှူးဟောင်း ဗိုလ်မှူးချုပ် ခင်လှိုင်၊ မြောက်ပိုင်း တိုင်း တပ်မှူးဟောင်း ဗိုလ်ချုပ်ညီညီဆွေ၊ တပ်မ (၃၃) က ဗိုလ်မှူးအောင်မျိုးသူ၊ ခလရ (၅၆၄) က ဗိုလ်မှူးသန့်ဇော်ဝင်း၊ ခလရ (၅၆၄) က တပ်ကြပ်ကြီး ဘကျော်၊ တောင်ဘဇားနယ်ခြားစောင့်တပ်မှူး ထွန်းနိုင်၊ စေတီပြင်နယ်ခြားစောင့်တပ်မှူးတာဝန်ယူခဲ့တဲ့ ကျော်ချေတို့ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ် ခင်လှိုင်ကို ရှမ်းပြည်နယ်ကလူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်အရေးယူတာဖြစ်ပြီး၊ ဗိုလ်ချုပ်ညီညီဆွေကို ကချင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်နဲ့ကျန်တဲ့အရာရှိ ၅ ယောက်ကိုတော့ ၂၀၁၇ ခုနှစ်ကဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေကိစ္စအတွက်အရေးယူတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။