EU အကူအညီနဲ့ စစ်တွေက စစ်ရှောင်တွေ ယာယီအလုပ်အကိုင်ရ

နီမင်းထွန်း
2020.11.26

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်က စစ်ဘေးဒုက္ခသည် ၁၀၀ ခန့်ကို နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ အချိန်တစ်လကြာ ဝင်ငွေရ အလုပ်အကိုင်တစ်ခုကို EU ဥရောပသမဂ္ဂရဲ့ ငွေကြေးအကူအညီနဲ့ စစ်တွေမြို့က အရပ်ဘက်အဖွဲ့တချို့  ပူးပေါင်းပြီး ဖန်တီပေးထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေ ဝင်ငွေရအောင် မြို့သန့်ရှင်းရေးလုပ်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဆောင်ရွက်ပေးထားတာပါ။

ဒေါ်မနုနု(စက်ရုံစု စစ်ဘေးဒုက္ခသည်စခန်း)

“တစ်ရက်ကိုက ရှစ်ထောင်ရတယ်။ လုပ်တာက ဒီလိုမြက်တွေခုတ်တယ်။ ပြီးတော့အမှိုက်တွေကောက်တယ်။ လမ်းတွေမှာလေ။ စစ်ဘေးရှောင်နေရတာဆိုတော့ စားဝတ်နေရေးကအဆင်မပြေဘူးလေ အဲဒါကြောင့်လာလုပ် တာပါ။ ဒီလိုအလုပ်ကျနေရင်တော့ အဆင်ပြေမှာပါ။ အလုပ်မကျရင်တော့ အဆင်မပြေဘူး”

ဒီအခွင့်အလမ်းမှာ စခန်းနေသူ ၁၀၀ ခန့်ပါဝင်ခွင့်ရခဲ့ပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့စစ်ဘေးဒုက္ခသည်တွေဟာ စစ်တွေမြို့ကို ထွက်ပြေးခိုလှုံနေကြရပါတယ်။

အဲဒီဒုက္ခသည်တွေဟာ သူတို့မိသားစုရပ်တည်ရေးအတွက် ကြုံရာကျပန်းအလုပ်တွေနဲ့ ဖြစ်သလိုရပ်တည်နေ ကြရတာပါ။

ဒေါ်သန်းမေ(ကျောက်တန်းကျေးရွာ၊ ရသေ့တောင်မြို့နယ်)

“အန်တီတို့မှာက သားမိသားဖ လေးယောက်ရှိတယ်။ ဝင်ငွေကမရှိဘူးဆိုတော့ အလုပ်ရှာရတာပေါ့။ သား ကလည်း အစကတော့အလုပ်မရှိ။ အခု ဒီလအလုပ်လုပ်နေတယ်။ လုပ်နေတယ်ဆိုပေမယ့် လစာက မရသေး ဘူးလေ။ ဒီလရမယ်လို့ပြောတာပဲ။ ပိုက်ဆံကလည်းမရှိတော့ ဒီကလည်းအလုပ်လာခေါ်တယ်ဆိုတော့ တစ်လ နေလို့လည်း ငါတို့ဝင်ငွေ ရှစ်ထောင်မရှိဘူး။ ဒါကြောင့်အခုလို အလုပ်လာခေါ်တယ်ဆိုတော့ တစ်နေ့ကို ရှစ်ထောင်ရတယ်ဆိုတော့ နည်းနည်းနောနောမဟုတ်ဘူး။ ကောင်းတာပေါ့ဆိုပြီး အလုပ်လုပ်ကြတာပေါ့လေ။ ဒီလိုပဲအလုပ်တွေ ဆက်လုပ်ရရင်ကောင်းတာပေါ့။ အစားအသောက်အနေအထိုင်။ အိမ်မှာနေရင် ဘာပိုက်ဆံ ဝင်ငွေ တပြားမှာမရှိဘူးဆိုတော့ အခက်အခဲတွေရှိတာပေါ့လေ”

အခုလိုအခွင့်အလမ်းတွေ များများရှိလာဖို့ စခန်းနေသူတွေက မျှော်လင့်နေကြပါတယ်။

စောသီရည်မွန်(ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့)

“အခုသူတို့ကို ကျွန်မတို့ခေါပြီး အလုပ်ပေးတယ်ဆိုတာ တစ်လပဲ တတ်နိုင်တယ်ပေါ့နော်။ တစ်လမှာမှ လူဦး ရေက ကျွန်မတို့အဖွဲ့ဆိုလို့ရှိရင် ၃၂ ယောက်ပေ့ါနော်။ တခြားအဖွဲ့တွေမှာလဲ ၃၂ ယောက်နဲ့ဆိုလို့ရှိရင်တော့ လူ ၉၀ ကျော်ပေ့ါနော် ဒီတစ်လတာ။ ပြီးနောက် နောက်ထပ်စစ်ဘေးရှောင်တွေက အများကြီးရှိသေးတယ်။ သူတို့ ကို နောက်ထပ်ကူညီဖို့ဆိုတာကတော့ ကျွန်မတို့အတည်ပြုလို့မရဘူး။ ဒါဟာ ကျွန်မတို့မှာလည်း တဖက်က ပေးတဲ့ အလှူရှင်တွေရှိတဲ့အပေါ်မှာမှ ကျွန်မတို့လည်း အလုပ်လုပ်ရတော့ ဘယ်လောက်ထိရေရှည်လုပ်နိုင်မလဲ မဆိုတာ အတတ်မပြောနိုင်သေးဘူးပေါ့နော်”

တိုက်ပွဲတွေမပြီးကြသေးလို့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ကိုပြန်သွားဖို့က မလွယ်သေးပါဘူး။ ကိုယ့်ရပ်ရွာဒေသ မဟုတ်တော့ လုပ်ကိုင်စားသောက်ဖို့ကလည်း အခက်အခဲတွေများစွာရှိနေပါတယ်။

ဒါကြောင့် သူ့တို့အတွက် အခုလိုမျိုး အလုပ်အကိုင်အခွင့်အလမ်းတွေ ထမ်မံရရှိဖို့ စစ်ရှောင်တွေက လိုလားနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။