EU ခေါင်းဆောင် မြန် မာပြည်ရောက်ရှိ
2017.05.13
လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးနဲ့ ပြဿနာရပ် စီမံခန့်ခွဲရေးဆိုင်ရာ အီးယူ-ဥရောပသမဂ္ဂမင်းကြီး Christos Stylianides နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် တို့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မေလ ၁၂ ရက်နေ့က တွေ့ဆုံစဉ်
အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့နဲ့ လူသားချင်းစာနာမှု အခြေအနေတွေကို သုံးသပ်ဖို့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးနဲ့ ပြဿနာရပ် စီမံခန့်ခွဲရေးဆိုင်ရာ အီးယူ- ဥရောပသမဂ္ဂ မင်းကြီး Christos Stylianides ဟာ မြန်မာနိုင်ငံ တရားဝင်ခရီးစဉ်ကို မနေ့က စတင်လိုက်ပါတယ်။
သူဟာ အီးယူ တာဝန်ရှိသူတစ်ဦးရဲ့ ပထမဆုံးခရီးအဖြစ် ရခိုင်ပြည်နယ်ကိုလည်း သွားရောက်မယ်လို့ ဥရောပ ကော်မရှင်ကြေညာချက်မှာ ပါရှိပါတယ်။
အီးယူဟာ မြန်မာနိုင်ငံကို မေ့မထားတဲ့အတွက် လူသားချင်းစာနာမှုဆိုင်ရာ တိုက်ရိုက်အကူအညီနဲ့ သဘာဝဘေး အန္တရာယ်လျှော့ချရေး အစီစဉ်တွေအတွက် အမေရိကန်ဒေါ်လာ ၁၃ သန်းနဲ့ ညီမျှတဲ့ ယူရို ၁၂ သန်း ကူညီတာ လို့ မြန်မာနိုင်ငံအရောက်မှာ အီးယူမင်းကြီးက ပြောပါတယ်။
အကူအညီ လိုအပ်တဲ့ အသိုင်းအဝိုင်းအားလုံးကို လူသားချင်းစာနာရေးဆိုင်ရာ အဖွဲ့အစည်းတွေ အရောက်သွားဖို့ လိုအပ်ပါတယ်လို့လည်း ပြောပါတယ်။ ဒါမှ အကူအညီအလိုအပ်ဆုံးသူတွေကို ကူညီနိုင်ပါမယ်လို့ ဆိုပါတယ်။
ရခိုင်၊ ရှမ်းနဲ့ ကချင်ပြည်နယ်တွေအပါအဝင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ဒေသတွေမှာ နေထိုင်နေသူတွေအတွက် တိုက်ရိုက် အကူအညီ ယူရို ၉ သန်း လျာထားတယ်လို့ ပြောပါတယ်။ အီးယူမင်းကြီးဟာ ရခိုင်ပြည်နယ်မြောက် ပိုင်းက အီးယူရန်ပုံငွေနဲ့ ဆောင်ရွက်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ စီမံချက်တွေကိုလည်း သွားရောက်ကြည့်ရှု ပါမယ်။









