မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ်အရာရှိ ၇ ဦးကို EU ပိတ်ဆို့အရေးယူ

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိခဲ့တဲ့ အတွက် မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ်က အရာရှိစုစုပေါင်း ၇ ဦးကို ပိတ်ဆို့အရေးယူလိုက်ကြောင်း EU ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့က တနင်္လာနေ့က ကြေညာလိုက်ပါတယ်။
ပိတ်ဆို့အရေးယူခံရတဲ့ စာရင်းမှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ် မောင်မောင်စိုး၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ရခိုင်ပြည်နယ် နယ်မြေရှင်းလင်းရေးမှာ ပါဝင်ခဲ့ကြတဲ့ ဗိုလ်မှူးချုပ် သန်းဦး၊ ဗိုလ်မှူးချုပ် အောင်အောင်၊ ဗိုလ်ချုပ် ခင်မောင်စိုး၊ နယ်ခြားစောင့်တပ်ဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့တဲ့ ရဲမှူးချုပ် သူရစန်းလွင်နဲ့၊ ရဲချုပ် သန့်ဇင်ဦးတို့ ပါဝင်ကြောင်း ဖော်ပြပါတယ်။
အဲဒီအရာရှိ ၇ ဦးရဲ့ EU နိုင်ငံတွေနဲ့ပတ်သက်နေတဲ့ဘဏ်တွေမှာ အပ်နှံထားတဲ့ ပိုင်ဆိုင်မှုနဲ့ဘဏ်စာရင်းတွေ ရှိခဲ့ရင် ထုတ်ယူလို့မရအောင် ထိန်းချုပ်ထားမှာဖြစ်ပြီး EU နိုင်ငံတွေကိုလည်း ခရီးမသွားနိုင်အောင် ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။
EU ရဲ့ တနင်္လာနေ့က ကြေညာချက်နဲ့အတူ ကနေဒါအစိုးရကလည်း အဲဒီအရာရှိ ၇ ဦးကို ပိတ်ဆို့ အရေးယူကြောင်း တပြိုင်တည်း ကြေညာခဲ့ပါတယ်။
EU ရဲ့ ကြေညာချက် ထွက်လာတဲ့နေ့မှာပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ် မောင်မောင်စိုးကို ARSA အကြမ်းဖက်သမားတွေအပါအဝင် ဘင်္ဂါလီအကြမ်းဖက်လူအုပ်စုကြီးရဲ့ ဥပဒေမဲ့လုပ်ရပ်တွေအပေါ် သတင်းလက်ဦးမှု ရယူပြီး စီမံဆောင်ရွက်နိုင်မှုအားနည်းတာ၊ နယ်မြေရှင်းလင်းရေးနဲ့ တပ်ဖွဲ့တွေအကူအညီရရှိရေး ကြိုတင်စီမံမှု အားနည်းတာ စတဲ့အချက်တွေကြောင့် ၂ဝ၁၈ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ တပ်မတော်ကနေ နုတ်ပယ်လိုက် ကြောင်း၊ အလားတူ အထိုက်အလျောက်တာဝန်ရှိတဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော ကိုလည်း တခြားတာဝန်တစ်ခု လွှဲပြောင်းထမ်းဆောင်စေ ခဲ့ပေမယ့်၊ ကျန်းမာရေးချို့ယွင်းမှုကြောင့် ၂ဝ၁၈ ခုနှစ် မေလ ၂၂ ရက်နေ့မှာ တပ်မတော်ကနေ မိမိသဘောဆန္ဒ အလျောက် နုတ်ထွက်ခွင့်ပြုခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒီအတောအတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်တဲ့ ဘယ်လူပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းကိုမှ အကာအကွယ်ပေးမှာ မဟုတ်ကြောင်း အဖွဲ့ချုပ် သတင်းပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ ဦးအောင်ရှင်က ပြောဆိုကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြပါတယ်။