ဥရောပ ငြိမ်းချမ်းရေးဆုအတွက် ဆန်ကာတင်စာရင်း မြန်မာပါဝင်
2015.01.17
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ကို တွေ့ရစဉ်
ဥရောပသမဂ္ဂက ချီးမြှင့်မယ့် ၂၇ ကြိမ်မြောက် Tipperary International Peace တစ်ပရေရီ နိုင်ငံတကာ ငြိမ်းချမ်းရေးဆုအတွက် မြန်မာနိုင်ငံက လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ နောက်ဆုံး ဆန်ကာတင်စာရင်းမှာ ပါရှိနေတယ်လို့သိရပါတယ်။
ဒီဆုဟာ ငြိမ်းချမ်းရေးနဲ့ ငြိမ်းချမ်းစွာ ပူးပေါင်းဆောင် ရွက်ရေးအတွက် စွမ်းစွမ်းတမံလုပ်ဆောင်တဲ့ ကမ္ဘာတဝန်းက အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တဦးချင်းကို ချီးမြှင့်တဲ့ဆုဖြစ်ပြီး နောက်ဆုံးဆန်ကာတင်နှစ်ဦးမှာ လျာထားခံရတာလို့ ဦးရောဘတ်စန်းအောင်က ပြော ပါတယ်။
ဒီလဆန်းမှာ ဆန်ကာတင် ငါးဦးစာရင်းကို ကြေညာ ခဲ့တုန်းက နာဇီငရဲစခန်းက လွတ်မြောက်လာပြီး အိုင်ယာလန်နိုင်ငံမှာ ၁၉၆ဝ ပြည့်နှစ်က စတင်နေထိုင်နေတဲ့ Tomi Reichental လည်းပါဝင်ခဲ့ပါတယ်။ သူဟာ အိုင်ယာလန်နိုင်ငံတခွင်က ကျောင်းတွေကိုလှည့်လည်ပြီး စစ်အတွင်းအတွေ့အကြုံတွေ ဟောပြောနေသူဖြစ် ပါတယ်။ ဒါ့အပြင် နာဇီအကျဉ်းစခန်းမှတ်တမ်းစာအုပ် ရေးသားထုတ်ဝေသူလည်းဖြစ်ပါတယ်၊
အီဘိုလာရောဂါ ကာကွယ်ကုသပေးတဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့နဲ့ အိုးအိမ်မဲ့သူတွေကို ကူညီစောင့်ရှောက် သူ သုံးဦးလည်း လျာထားခံရပြီး နောက်ဆုံးမှ ဆန်ကာတင်နှစ်ဦးကို ရွေးချယ်တာပါ။
ဒီဆုကို ၂ဝ၁၂ ခုနှစ်က ပါကစ္စတန် ကျောင်းသူလေး မလာလာက ဆွတ်ခူးရရှိပြီး တောင်အာဖရိက လူမည်းခေါင်းဆောင် Nelson Mandela နဲ့ ဆိုဗီယက်ခေါင်းဆောင် Mikhail Gorbachev တို့လည်း ဆွတ်ခူးရရှိဖူးပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထား ပါတယ်။









