Facebook စာမျက်နှာ ပိတ်ပင်ခံရမှု NLD အစိုးရလက်ချက်လို့ AA စွပ်စွဲ


2019.02.06
enthnic-groups-flags-622 KIA၊ TNLA၊ MNDAA၊ AA လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အမှတ်တံဆိပ်များ။
Photo: RFA

AA ရက္ခိုင့်တပ်မတော်၊ MNDAA မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်၊ KIA ကချင် လွတ်မြောက်ရေးတပ်မတော်နဲ့၊ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ရဲ့ facebook အင်တာနက် စာမျက်နှာတွေကို  facebook ကုမ္ပဏီက မနေ့က ဖယ်ရှားလိုက်တာဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရရဲ့လက်ချက်လို့ AA ပြောခွင့်ရသူက စွပ်စွဲလိုက်ပါတယ်။

အစိုးရအနေနဲ့ လူမူကွန်ရက် facebook ကုမ္ပဏီကို ဖိအားပေးလုပ်တာလို့ ယူဆကြောင်းနဲ့ facebook ရဲ့ စွပ်စွဲချက်တွေကလည်း ခိုင်လုံတဲ့ အကြောင်းပြချက်တွေ မဟုတ်ဘူးကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA ကို ဒီနေ့ ပြောပါတယ်။

facebook အနေနဲ့ အမုန်းတရားတွေ၊ ပဋိပက္ခတွေဖြစ်စေမယ့်ကိစ္စတွေကို စောင့်ကြည့်ပြီး သူတို့ရဲ့မူဝါဒအတိုင်းသာ ပိတ်လိုက်တာဖြစ်တာကြောင့် facebook နဲ့သာသက်ဆိုင်တယ်လို့ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က RFA ကို ပြောပါတယ်။

အရပ်သားတွေ တိုက်ခိုက်ခံရတာ၊ အကြမ်းဖက်မှုတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က တာဝန်ရှိတယ်ဆိုတာ သက်သေအထောက်အထား ခိုင်လုံတဲ့အတွက် မတည်ငြိမ်မှုတွေ ထပ်ဖြစ်မှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ facebook ကုမ္ပဏီက သူတို့ရဲ့စာမျက်နှာတွေကို အသုံးပြုခွင့်မပေးနိုင်တော့ဘူးလို့ မနေ့က ထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသားဒေသတွေက အကြမ်းဖက်ပြဿနာတွေရဲ့ အရင်းအမြစ်ဟာ ရှုတ်ထွေးပြီး၊ facebook ကုမ္ပဏီအနေနဲ့ မဖြေရှင်းနိုင်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်ရှိမှာတော့ အဲဒီ၄ ဖွဲ့စလုံးရဲ့ စာမျက်နှာတွေအပြင် AA အဖွဲ့ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါက်တာ ညိုထွန်းအောင် နဲ့ ခိုင်သုခ တို့ရဲ့ အကောင့်တွေလည်း ပိတ်ခံထားရတာ တစ်လကြာနေပြီဖြစ်တယ်လို့ ခိုင်သုခက ပြောပါတယ်။

အခုပိတ်ပင်လိုက်တဲ့အဖွဲ့ ၄ ဖွဲ့လုံးဟာ အစိုးရနဲ့ အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။