မြန်မာကို နိုင်ငံတကာသီးခြားခုံရုံးနဲ့ စစ်ဆေးအရေးယူဖို့ အာဆီယံအမတ်တွေတိုက်တွန်း


2018.09.20
asean-parliamentarians-622 (ASEAN Parliamentarians for Human Rights)လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့။
(Photo: APHR Facebook)

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ နိုင်ငံတကာစုံစမ်းရေးကော်မရှင် (IFFM) က တင်ပြတဲ့ အစီရင်ခံစာအရ ဒုက္ခသည်တွေ တရားမျှတမှုရဖို့အတွက် ကုလသမဂ္ဂအနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်ဖို့ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

“စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာဟာ အမှန်တကယ်လိုအပ်သလို အလွန် စိတ်ထိခိုက်စရာ ကောင်းလှပါတယ်၊ ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ရက်ရက်စက်စက် ကျူးလွန်ခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထားတွေကိုလည်း ဖော်ပြထားတယ်” လို့ အာဆီယံအမတ်များအဖွဲ့ ဥက္ကဋ္ဌ ချာလီဆန်တီယေးဂိုးက ပြောပါတယ်။

နောက်နောင်ကို ဒီလိုလုပ်ရပ်တွေ မကျူးလွန်အောင် ကမ္ဘာက တိတိကျကျ အရေးယူရမယ်လို့လည်း သူက ပြောပါတယ်။ ဒီလိုအရေးယူဖို့အတွက် နိုင်ငံတကာပါဝင်တဲ့ သီးခြားခုံရုံး ဖွဲ့စည်းဆောင်ရွက်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဆောင်ရွက်နိုင်သလို၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကလည်း ထောက်ခံဖို့ ကျနော်တို့ တိုက်တွန်းပါတယ်လို့ ချာလီဆန်တီယေးဂိုးက ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖြစ်စေ၊ အထွေထွေညီလာခံက ဖြစ်ဖြစ် ဒီလိုဆောင်ရွက် သင့်တယ်လို့လည်း စုံစမ်းရေးကော်မရှင်က ထောက်ခံချက်ပေးထားပါတယ်။

ရှမ်း၊ ကချင်နဲ့ ရခိုင်ပြည်နယ်က လူမျိုးတုံးသုတ်သင်မှု၊ စစ်ရာဇဝတ်မှု၊ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာ့တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်တွေကို စစ်ဆေးအရေးယူဖို့ နိုင်ငံတကာစုံစမ်းရေးကော်မရှင် (IFFM) က စက်တင်ဘာလ ၁၉ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

မြန်မာ့တပ်မတော် ခေါင်းဆောင်တွေကို တရားစွဲ အရေးယူနိုင်ဖို့ အတွက် နိုင်ငံတကာ သီးခြားလုပ်ငန်းအဖွဲ့တဖွဲ့ ဖွဲ့စည်းဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) မှာ လာမယ့်သီတင်းပတ်အတွင်း မဲခွဲဆုံးဖြတ်မယ့် အခြေအနေ ရှိနေပါတယ်။

အာဆီယံပါလီမန်အမတ်များအဖွဲ့ အနေနဲ့  မြန်မာကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) လွှဲပေးဖို့ လုံခြုံရေးကောင်စီကို တိုက်တွန်းထားသလို၊ မြန်မာတစ်နိုင်ငံလုံးမှာ တပ်မတော်က ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်နိုင်ဖို့အတွက် ICC က စုံစမ်းစစ်ဆေးဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်လို့လည်း အာဆီယံပါလီမန်အမတ်များအဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။