တနင်္သာရီတိုင်း NLD လူငယ်တာဝန်ခံနေအိမ်ကို စစ်ကောင်စီဝင်စီး၊ မိသားစုဝင် နှစ်ဦးဖမ်းဆီးခံရ

တနင်္သာရီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တိုင်းလူငယ် တာဝန်ခံ မနွေးနွေးအောင်ရင်ရဲ့ ကော့သောင်းမြို့၊ မလိဝမ်းရွာက နေအိမ်ကို ဒီနေ့နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်အင်အား အယောက် ၅၀ လောက်နဲ့ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ မနွေးနွေးအောင်ရင်က RFA ကိုပြောပါတယ်။

ရှာဖွေချိန်မှာ မနွေးနွေးအောင်ရင်ကိုမတွေ့တာကြောင့် သူ့ရဲ့ ခယ်မဖြစ်သူအပါအဝင် မိသားစုဝင်နှစ်ဦးကို ရိုက်နှက်ဖမ်းခေါ်သွားပြီး အိမ်မှာရှိတဲ့ ဆိုင်ကယ် နှစ်စီးကိုလည်း သိမ်းယူသွားတယ်လို့ ပြောပါတယ်။

စစ်အာဏာဖီဆန်ရေး CDM လူထုလှုပ်ရှားမှုမှာ ပါဝင်တဲ့ အစိုးရဝန်ထမ်းတွေကို ကူညီပေးနေတဲ့အတွက် မနွေးနွေးအောင်ရင်ကို စစ်ကောင်စီက လိုက်ဖမ်းနေတာပါ။

လက်ရှိမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ၊ တာဝန်ခံတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတာကြောင့် နေအိမ်မှာမနေဘဲ တိမ်းရှောင်နေကြရပါတယ်။