လယ်သမားရေးဆောင်ရွက်သူတဦး ဖမ်းဆီးခံရ
2018.08.08
မြေသိမ်းခံလယ်သမားတွေအရေး ဆောင်ရွက်နေတဲ့ မန္တလေးမြို့က လယ်သမားသမဂ္ဂခေါင်းဆောင် ကိုအေးသိန်းကို မန္တလေးမြို့က ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံအနှစ် ၃ဝ ပြည့် အခမ်းအနားရဲ့ ပြင်ပမှာ အရပ်ဝတ်ရဲတွေက ဖမ်းဆီးသွားပါတယ်။
ဆွမ်းကပ်ပြီး ခဏအပြင်ထွက်တဲ့အချိန်မှာ ကိုအေးသိန်းကို အရပ်ဝတ်တွေက ကားပေါ်ကိုဆွဲတင် ခေါ်သွားခဲ့ကြောင်း၊ လက်ထိပ်ခတ်ဖို့ ကြိုးစားချိန်မှာ ကျနော်တို့ ရဲဘော်တွေက လက်ထိပ်တော့မခတ်ပါနဲ့။ ခတ်လို့မရဘူး၊ ဘာကိစ္စနဲ့ဖမ်းတာလဲ စသဖြင့် ပြောဆိုခဲ့ကြောင်း၊ အဲဒီ အရပ်ဝတ်နဲ့ လုံခြုံရေးတွေက ကိုအေးသိန်းကို ဝန်ကြီးချုပ်က ခေါ်ခိုင်းလို့ပါဆိုပြီး ပြောဆိုခဲ့ကြောင်း မျက်မြင်တဦးဖြစ်တဲ့ ကဗျာဆရာ စံညိမ်းဦး ပြောခဲ့ပါတယ်။
ကိုအေးသိန်းကို ပြင်စာက လယ်သမားဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ ဖမ်းဝရမ်း ထုတ်ထားတဲ့အတွက် တိမ်းရှောင် နေရတာ အတော်ကြာနေပြီလို့ ကိုအေးသိန်းက ပြီးခဲ့တဲ့လမှာ RFA ကိုပြောခဲ့ဖူးပါတယ်။
ကိုအေးသိန်းဟာ ၂ဝ၁၃ ခုနှစ်ကလဲ ကိုင်းတန်းညဈေး ဖျက်သိမ်းတာနဲ့ ပတ်သက်ပြီး ဆန့်ကျင်တဲ့ ဈေးသူဈေးသားတွေကို ကူညီမှုနဲ့ ထောင် ၁ နှစ်နဲ့ ၃ လ ချခံခဲ့ရဖူးပါတယ်။