ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ရေပူကျေးရွာမှာ အစိုးရစစ်တပ်က မနေ့က စစ်တန်းလျားဆောက် ဖို့ ပြင်ဆင်နေတာကို တားမြစ်တဲ့ တောင်သူတွေနဲ့ တပ်မတော်သားတွေအကြား စကားများပြီး တောင်သူ ဦးမြင့်အောင် ဆိုသူက ဒီနေ့မနက် ကိုယ့်ကိုယ်ကို မီးရှို့ပြီး ဆန္ဒပြလိုက်ပါတယ်။
စစ်တပ်သိမ်းထားတဲ့ လယ်ယာမြေတွေကို တောင် သူတွေထံ ပြန်ပေးပါ ဆိုတဲ့ စာရေးသားပြီး အခုလို မီးရှို့လိုက်တာလို့ ဦးမြင့်အောင်ရဲ့ တူမဖြစ် သူ ဒေါ်မော်မော် က ပြောပါတယ်။
"ကျမတို့ စိုက်ပျိုးထားတဲ့ မြေတွေထဲကို စစ်တပ်က ကျင်းတွေလာတူးပြီး လာလုပ်နေတာပေါ့၊ ကျမတို့ ကလည်း လုံးဝအဆောက်မခံဘူးလေ၊ ကျမတို့တောင် သူတွေက ညအိပ်ပြီးတော့ စောင့်နေရတာပေါ့၊ သူတို့က ရဲခေါ်ပြီးဖမ်းမယ်လို့ပြောတာကြောင့် ကျမရဲ့ဦးလေးက စိတ်ညစ်သွားတာပေါ့၊ စစ်တပ်သိမ်းထားတဲ့ လယ်ယာမြေတွေကို တောင်သူတွေထံ ပြန်ပေးပါ ဆိုတဲ့စာလည်း မီးရှို့တယ်"
ဦးမြင့်အောင်ဟာ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှာ ဆေးကုသမှုခံယူပြီး စိုးရိမ်ရတဲ့အခြေအနေ ရှိတယ်လို့ သိရပါတယ်။
တောင်ကြီးမြို့နယ် ကျောက်နီ၊ ရေပူ၊ သရက်ပင်လှ၊ ဘုရားနီ နဲ့ နောင်ကား ကျေးရွာတွေက လယ်ယာမြေဧက ၅ ထောင်ကျော်ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရပခ က လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်မှာ သိမ်းဆည်းခဲ့တာလို့ သိရပါတယ်။
အဲဒီလိုသိမ်းဆည်းခဲ့ပြီးနောက် တောင်သူတွေကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အထိ ထွန်ယက်စိုက်ပျိုးခွင့်ပေးထားပြီး အဲ့ဒီနောက်ပိုင်း စိုက်ပျိုးခွင့်မပေးတော့ပေမယ့် တောင်သူတွေက ဆက်လက်စိုက်ပျိုးနေကြတာဖြစ်ပါတယ်။