နိုင်ငံတော်သမ္မတ တောင်သူတွေကို ဂုဏ်ပြုစကားပြောကြား


2018.03.02
htinkyaw-president-622.jpg နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကို တွေ့ရစဉ်
Photo: Myanmar President Office Facebook

ဒီဘဏ္ဍာနှစ်အတွင်း ပြည်ပကို ဆန်တန်ချိန် သုံးသန်းအထိ တင်ပို့ရောင်းချနိုင်ခဲ့တာဟာ နှစ်ပေါင်း ၇၀ အတွင်း စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်တဲ့အတွက် တောင်သူလယ်သမား အားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က  ဂုဏ်ပြုပြောကြားလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုသဝဏ်လွှာပေးပို့လိုက်တာ ဖြစ်ပါတယ်။

ဒီနှစ် ဆန်စပါးထုတ်လုပ်မှုဟာ မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာ ဖူလုံရုံသာမကဘဲ ပြည်ပကို ဆန်တန်ချိန် ၃ သန်းအထိ တင်ပို့နိုင်ခဲ့တာကြောင့် တောင်သူလယ်သမားတွေရဲ့ ကြိုးစားအားထုတ်မှု၊ ဌာနဆိုင်ရာတွေနဲ့ ပုဂ္ဂလိကကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်မှုတို့ကို ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လာမယ့်နှစ်တွေအတွင်း တိုးပွားလာမယ့် လူဦးရေအတွက်  နိုင်ငံရဲ့ စားနပ်ရိက္ခာ လုံခြုံစိတ်ချမှုရှိရုံသာမက နိုင်ငံတကာဈေးကွက်ကို ပိုပြီးတင်ပို့ရောင်းချနိုင်ဖို့ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ဘက်ပေါင်းစုံကနေ မြှင့်တင်အားပေးဆောင်ရွက်နေကြောင်းလည်း ဖော်ပြထားပါတယ်။  

လက်ရှိ မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်ဒေသမှာ နေထိုင်နေကြပြီး အဓိကစီးပွားရေးဟာ လယ်ယာလုပ်ငန်းဖြစ်ပေမယ့် တောင်သူလယ်သမားအများစုက လူမှုစီးပွားဘဝ နိမ့်ကျနေဆဲဖြစ်ကြောင်းလည်း သမ္မတရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။

ဒါ့အပြင် ရာသီဥတုပြောင်းလဲတာ၊ သဘာဝဘေးနဲ့ သစ်တောပြုန်းတီးမှုတွေရဲ့ အကျိုးဆက်ကြောင့် လယ်သမားတွေရဲ့ ဝင်ငွေနိမ့်ကျခဲ့ရပြီး လူမှုစီးပွားထိခိုက်ခဲ့ရကြောင်း ထည့်သွင်း ပြောကြားထားပါတယ်။

လာမယ့်နှစ်အနည်းငယ်အတွင်း တိုးပွားလာမယ့် လူဦးရေအတွက် စာနပ်ရိက္ခာ ဖူလုံဖို့အပြင် နိုင်ငံတကာကို တင်ပို့နိုင်ရေး ဘက်ပေါင်းစုံကနေ ကြိုးပမ်းနေကြောင်းလည်း အဲဒီသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒီအစိုးရလက်ထက်မှာ လယ်ယာထွက်ကုန်သီးနှံတွေကို ဈေးပြိုင်စနစ်နဲ့ ရောင်းချနိုင်တဲ့ နိုင်ငံတကာအဆင့်မီ လက်ကားဈေးကွက်ဖြစ်ပေါ်လာရေးကို အစိုးရက စနစ်တကျ ဆောင်ရွက်နေတယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။