လပွတ္တာမြို့မှာ တောင်သူလယ်သမားတွေ ဆန္ဒပြ

ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့မှာ လယ်သိမ်းခံရတဲ့ တောင်သူတွေ ဦးဆောင်ပြီး လူ ၈ဝဝ နီးပါး ဒီကနေ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

2012.07.25

လပွတ္တာမြို့နယ်ထဲက ညောင်လိမ်ကျေးရွာ၊ သဲဖြူကျေးရွာနဲ့ လတောင်ကျေးရွာတွေအတွင်း သိမ်းယူခံထားရတဲ့ လယ်မြေ ဧက ၇၀၀ ပေါ်မှာ ပြန်လည်လုပ်ကိုင်ခွင့် ရရှိရေးအတွက် တောင်သူ လယ်သမား ခေါင်းဆောင် ဂဠုန်ဆရာစံရဲ့ ရုပ်ပုံတွေကို ကိုင်ဆောင်ပြီး မြို့ပတ်လမ်းကနေ မြို့နယ်တရားရုံး အထိ တစ်နာရီကြာ လမ်းလျှောက် ချီတက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲကို အာဏာပိုင်တွေဘက် တားဆီးနှောင့်ယှက်တာ မရှိပေမယ့် ရဲနဲ့ ထောက်လှမ်းရေး အယောက် ၃၀ လောက်က ဓာတ်ပုံရိုက် မှတ်တမ်းတင်တာတွေ ရှိတယ်လို့ ဆန္ဒပြ တောင်သူတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီကနေ့ကျတော့ ခင်ဗျားတို့ ပြတော့ ပြပါဗျာတဲ့။ ရုန်းရင်းဆန်ခတ်ကြီးတော့ မလုပ်ပါနဲ့ဆိုပြီးတော့။ ကျွန်တော်တို့ပါ လိုက်ပြီးတော့ ကူညီပံ့ပိုးပါ့မယ်။ တစုံတရာ နှောင့်ယှက်တာတော့ မရှိပါဘူး။ ဒါပေမဲ့ သူတို့ တအားကို ဓာတ်ပုံတော့ ရိုက်တာပေါ့. ရဲထောက်လှမ်းရေးတွေက"

အခုလို တရားဝင် ဆန္ဒပြခွင့် ရရှိဖို့အတွက် ဇူလိုင်လ ၁၈ ရက်နေ့က ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် လပွတ္တာမြို့နယ် ရဲစခန်းက ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။ အဲဒီနောက် တောင်သူတွေက ဇူလိုင်လ ၂၀ ရက်နေ့မှာ လွှတ်တော်အထိ ထပ်မံတင်ပြခဲ့တဲ့ အတွက် တစ်နာရီ ဆန္ဒပြခွင့် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တောင်သူတွေ အနေနဲ့ သူတို့ရဲ့ လယ်မြေတွေ ပြန်လည်ရရှိတဲ့အထိ တောင်းဆိုသွားဖို့ရှိပြီး လာမယ့် သြဂုတ်လ (၁) ရက်နေ့မှာလည်း ထပ်မံဆန္ဒပြဖို့ ခွင့်ပြုချက် ရရှိထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

လပွတ္တာမြို့နယ်ထဲက ညောင်လိမ်၊ သဲဖြူနဲ့ လတောင်ကျေးရွာတွေက လယ်မြေ ဧက (၇၀၀)ကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာ့ စိုက်ပျိုးရေးဘဏ်၊ ရဲတပ်ဖွဲ့၊ တရားသူကြီး၊ လူဝင်မှု ကြီးကြပ်ရေးဌာန၊ ထောက်လှမ်းရေး စတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ဖို့ အကြောင်းပြပြီး ၁၉၉၃ ခုနှစ်အတွင်း အဓမ္မ သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။