ထောင်ကျနှစ်စေ့တဲ့ လယ်သမား ၅ ဦးပြန်လွတ်


2015.04.02
kantbalu-farmers-305.jpg သိမ်းဆည်းခံလယ်မြေတွေ ပြန်လည်ရရှိရေးနဲ့ အကျဉ်းကျ ခံတောင်သူတွေ ပြန်လွှတ်ပေးဖို့ သြဂုတ်လ ၁၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ ရွှေဘိုခရိုင်အတွင်းမှာ ရှိတဲ့ တောင်သူလယ်သမား တစ်ထောင်ကျော် ဆန္ဒပြစဉ်
Photo: Hset Paing Toe/RFA

မြန်မာနိုင်ငံအနှံမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေပြန်ရဖို့ တောင်းဆိုတိုက်ပွဲဝင်တဲ့ အတွက် ထောင်ကျခဲ့ရတဲ့ လယ်သမားတွေထဲက ၅ ဦး မနေ့က လွတ်ရက်စေ့ပြီး အကျဉ်းထောင် အသီးသီး ကနေပြန်လွတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းရွာမှာ ထွန်တုံးတိုက်ပွဲဝင်လို့ ထောင် ၁ နှစ်ချ မှတ်ခံရတဲ့ ဦးမောင်ပု ဟာ မိတ္ထီလာထောင်ကနေ ပြန်လွတ်လာ တယ်လို့ မိတ္ထီလာပြည်သူ့အကျိုး ဆောင်ကွန်ရက် အဖွဲ့ခေါင်းဆောင် ဒေါ်မြင့်မြင့်အေးက RFA ကိုပြော ပါတယ်။

"ဒီနေ့ ဦးမောင်ပု ဆိုတာလွတ်တယ်၊ မိတ္ထီလာထောင်ကနေပြီးတော့ တစ်နှစ်ကျတာ ကန့်ဘလူလယ်သမားနှစ်ယောက် ကိုမြင့်ထူးရယ် ဦးမောင်ပုရယ်၊ ကိုမြင့်ထူးက ၉ လကျ တာဆိုတော့ ဖေဖော်ဝါရီလက လွတ်သွားပြီ၊ ဒီနေ့မနက်ကတော့ ဦးမောင်ပုလွတ်တယ်၊ ငှက်ပျောတိုင် ကန့်ဘလူမြို့နယ်ကပါ"

ဒါ့အပြင် ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် အောင်ကုန်းရွာမှာ စစ်တပ်နဲ့ ပုဂ္ဂလိကလုပ်ငန်းရှင် ဦးထိုင်ထိုင်တို့ သိမ်းထား တဲ့ မြေတွေ ပြန်ရဖို့ သပိတ်စခန်းဖွင့်တောင်းဆိုမှုနဲ့ ထောင်ချခံခဲ့ရတဲ့ ဒေါ်ညို၊ ဒေါ်မုန်း၊ ဒေါ်ခင်မာအေး တို့က ပေါင်းတည်ထောင်ကနေ ပြန်လွတ်ခဲ့ကြပြီး စစ်ကိုင်းတိုင်း မတ္တရာမြို့နယ် တံငါမြောက်ရွာက လယ်သမား ဦးနေဝင်းကတော့ မန္တလေးအိုဘိုထောင်ကနေ ပြန်လွတ်ခဲ့တယ်လို့သိရပါတယ်။

မြန်မာပြည်မှာ သိမ်းဆည်းခံလယ်ယာမြေတွေပြန်ရဖို့ နည်းမျိုးစုံနဲ့ဆန့်ကျင်ဆန္ဒပြ တိုက်ပွဲဝင်လို့ ထောင်ချခံထားရ တဲ့ လယ်သမားပေါင်း တစ်ရာကျော်ရှိနေပြီး၊ တရားရုံးမှာ အမှုရင်ဆိုင်နေရဆဲ လယ်သမားကလည်း တစ်ရာခန့် ရှိနေပါတယ်။ အဲဒီလယ်သမားအကျဉ်းသားတွေဟာ အစိုးရနဲ့ နိုင်ငံရေးစနစ်ကြောင့် တရားစွဲထောင်ချခံရတာဖြစ် တဲ့အတွက်  နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်းနဲ့ နိုင်ငံရေးအကျဉ်သားဟောင်းများအဖွဲ့တို့က ယုံကြည်ချက်အကျဉ်းသားတွေအဖြစ် အသိအမှတ် ပြုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။