တောင်သူလယ်သမားတွေ ဆန္ဒပြခွင့် လျှောက်ထား
၂၀၀၈ ခုနှစ်ကတည်းက ကုမ္ပဏီငါးခု၏ မြေယာသိမ်းဆည်းခြင်းခံထားရသော ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ကျေးရွာအုပ်စုများမှ လယ်သမားများသည် မိမိတို့သိမ်းဆည်းခံ လယ်မြေများပေါ်တွင် ဇွန်လ ၁၄ ရက်နေ့က လယ်ယာများပြန်လည် ထွန်ယက်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး လယ်သမားအခွင့်အရေး ဆောင်ရွက်သူ ကိုဖိုးဖြူက သတင်းထောက်များကို ရှင်းပြနေစဉ်။
ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပင်လယ်ကိုးသွယ် ကုမ္ပဏီရုံးရှေ့ကို သွားရောက်ပြီး လာမယ့် ဇူလိုင်လ ၂၀ ရက်၊ သောကြာနေ့မှာ ဆန္ဒပြခွင့် ရရှိရေးအတွက် ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းမှာ ဒီကနေ့ လျှောက်ထားခဲ့တယ်လို့ တောင်သူ လယ်သမားအရေး ဆောင်ရွက်နေတဲ့ ရှေ့နေ ကိုဖိုးဖြူက RFA ကိုပြောပါတယ်။
"အခုလို ဥပဒေမဲ့ လယ်လက်လွတ် ဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေ ပြန်လည် ခွဲဝေပေးရေး ဆိုင်ရာ စီမံခန့်ခွဲရေး ဆုံးဖြတ်ချက်၊ ဒါ့အပြင် ဥပဒေ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပေးနိုင်ဖို့ အတွက် အရေးဆိုသွားမှာ ဖြစ်ပါတယ်။ ဒီလို အရေးဆိုဖို့ အတွက် ဆန္ဒပြခွင့် လိုင်စင်ကို လျှောက်ထားတာပဲ ဖြစ်တယ်။"
ဒီဆန္ဒပြပွဲမှာပဲ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး အတွက် တောင်းဆိုသွားမယ်လို့လည်း သိရပါတယ်။ ဒဂုံဆိပ်ကမ်း မြို့နယ်မှာ ရွှေနဂါးမင်း၊ မက်စ် မြန်မာ၊ အေးရှားဝေါလ၊် ဂွတ်ဘရားသားစ် စတဲ့ ကုမ္ပဏီ (၁၆) ခုက အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်းလို့ ဆိုကာ လယ်မြေဧက (၇၅၀၀) ကျော်ကို ၂၀၀၈ ခုနှစ်အတွင်း သိမ်းယူခဲ့တယ်လို့ သိရပါတယ်။
ဒီဆန္ဒပြပွဲမှာ ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်းရှိ သရက်ပင်ချောင်၊ ညောင်ပင်၊ ကျီစု၊ ထောင်တစ်လုပ်၊ သုံးခွ စတဲ့ လယ်ယာမြေတွေ သိမ်းယူခံထားရတဲ့ ကျေးရွာ (၉) ရွာက တောင်သူ လယ်သမား (၃၀၀) ကျော်လောက် ပါဝင်ဆန္ဒပြကြမယ်လို့ ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။









