အစိုးရထံ တောင်သူတွေ ကြွေး ကျန် ၅၅ ဘီလီယံကျော် ပေးဖို့ ကျန်ရှိ

2017-03-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် မတ်လ ၈ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ပြောကြားစဉ်
စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် မတ်လ ၈ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ပြောကြားစဉ်
Photo: Win Naung Toe/ RFA

၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေထဲက တောင်သူတွေဆီ ကနေ ကြွေးကျန် ၅၅ ဘီလီယံကျော်ရရှိဖို့ ကျန်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ပြောကြားခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက နှစ်စဉ်အစိုးရကချေးပေးတဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေ ကို ပြန်မဆပ်သူတွေကြောင့် ချေးငွေထုတ်မပေးတာတွေ ရှိနေတဲ့အတွက် ငွေကျေပြီးတဲ့ တောင်သူများကို ဆက်လက်ထုတ်ပေးဖို့ ရှိ မရှိ မေးခွန်းကို ဒုတိယဝန်ကြီး ဦးလှကျော် က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအောက်မှာရှိတဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ကို စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ကို လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး လွှဲပြောင်းသွားဖို့ ရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာ တောင်သူလယ်သမားတွေကို စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး ရာမှာ တောင်သူပိုင်ပစ္စည်းတွေ၊ အိုးအိမ်ခြံမြေတွေကို အာမခံရယူထားတာမဟုတ်ဘဲ အုပ်စုလိုက်ဖွဲ့ပြီး အစုအဖွဲ့နဲ့ ချေးငွေထုတ်ပေးတာဖြစ်ပါတယ်။ အစုအဖွဲ့ဝင်အားလုံးက ချေးငွေကို ပြန်ဆပ်မှသာ နောက်နှစ်တွေမှာ ထပ်မံချေးယူလို့ရတာဖြစ်ပါတယ်။

ဆိုက်တခုလုံးသို့