ရန်ကုန်မြို့လယ်မှာ လယ်သိမ်းခံ တောင်သူ ၅၀၀ ကျော် ဆန္ဒပြ


2014.01.18
farmers-protest-305.jpg ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ဇန်နဝါရီလ ၁၈ ရက်နေ့က လယ်သိမ်းခံတောင်သူများ ဆန္ဒပြနေကြစဉ်
photo: RFA/ Nay Myo Htun

သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်လည်ရရှိရေးနဲ့ ပိုင်နက်ကျူးလွန်မှု ပုဒ်မတွေနဲ့ အဖမ်းခံထားရသူ လယ်သမားတွေ ပြန်လည်လွှတ်ပေးဖို့ တောင်သူ လယ်သမား ၅၀၀ ကျော်လောက်ဟာ ရန်ကုန်မြို့ မြို့တော်ခန်းမအနီးမှာ ဒီကနေ့ မနက်က စုပေါင်းဆန္ဒပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ လယ်ယာမြေ သိမ်းဆည်းမှုတွေအပြင် လယ်ယာမြေ ပိုင်ဆိုင်မှု အငြင်းပွားတဲ့ ပြဿ နာတွေကြောင့် ဖမ်းဆီးခံထားရတဲ့ လယ်သမား ၂၀၀ ကျော်ရှိပြီး ဆန္ဒပြတောင်းဆိုရတာနဲ့ ပတ်သက်လို့ ဆန္ဒပြပွဲမှာ ဦးဆောင်ကူညီပါဝင်တဲ့ မြန်မာလူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်အဖွဲ့က ကိုနေမျိုးဇင်က RFA ကို အခုလိုပြောပါတယ်။

“နှစ်ပေါင်းများစွာ ဖြစ်ပွားလာပြီးတော့ အခုထက်ထိတိုင် ဖြေရှင်းပေးခြင်း မရှိသေးတဲ့ လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားတဲ့ ပြဿနာတွေကို ကျနော်တို့က ဥပဒေတွေနဲ့အညီ အဲဒီလယ်ယာ သိမ်းဆည်းမှု ဖြစ်ပွားစဉ်ကာလက တည်ဆဲဥပဒေတွေနဲ့ ပြန်လည်သုံးသပ်ပေးဖို့ တောင်းဆိုတာပါ၊ ကိုယ့်လယ်ကို ပြန်လည်ရရှိရေးကြိုးပမ်းတဲ့ တောင်သူလယ်သမားကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုဆိုတာနဲ့ ထောင်သွင်းအကျဉ်းချထားတာ အယောက် ၂၂၈ ယောက်ကျော်ရှိပါပြီ၊ အဲဒီလူတွေကို ချက်ချက်းခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီးတော့ လယ်ယာမြေပြဿနာရယ်၊ ဥပဒေမှာပါပြဌာန်းချက်ကို လွယ်သလိုအလွဲသုံးတဲ့ အာဏာရှင်အကြွင်းအကျန်တွေ၊ ဝန်ထမ်းဆိုးတွေ၊ အကျင့်ပျက်တဲ့ဝန်ထမ်းတွေ ဖော်ထုတ်ပြီး အရေးယူပေးဖို့ တောင်းဆိုတာပါ”

လယ်သမားတွေ တောင်းဆိုခဲ့တဲ့ လယ်ယာမြေ ပြဿနာတွေ ဖြေရှင်းပေးရေး၊ လယ်သမားအကျိုးစီးပွား ကာကွယ်ရေးဥပဒေနဲ့ ဖမ်းဆီးထားတဲ့ တောင်သူလယ်သမားတွေ ပြန်လွှတ်ပေးရေး အစရှိတဲ့ကိစ္စတွေကို လိုက်လျောမှုမရှိခဲ့ရင် နေပြည်တော် လွှတ်တော်ရှေ့အထိ သွားရောက်ဆန္ဒပြ တောင်းဆိုသွားမယ်လို့ ဆန္ဒပြသူတွေ ပြောပါတယ်။

ဒီဆန္ဒပြပွဲကို ကျောက်တံတားမြို့နယ် ရဲစခန်းမှာ တရားဝင်ခွင့်ပြုချက်တင်ခဲ့ပေမယ့် မြို့နယ်ရဲစခန်းက မြို့နယ်အတွင်းမှာ လယ်သမားတွေမရှိတဲ့အတွက် ခွင့်မပြုနိုင်ကြောင်း အကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဆန္ဒပြပွဲအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။