လက်ပံတန်းမှာ လယ်သမားတွေ ဆန္ဒပြ


2016.09.11
farmers-protest-lpd-620.jpg စားကျက်မြေကို အများပိုင်မြေအဖြစ် ပြန်လည်သတ်မှတ်ပေးဖို့ စက်တင်ဘာလ ၁၁ ရက်နေ့က ဒေသခံတွေ လက်ပံတန်းမြို့ပေါ်မှာ ဆန္ဒပြတောင်းဆိုနေစဉ်
Photo: U Zaw Win

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မန်ကျည်းကွင်းကျေးရွာအုပ်စုပိုင် စားကျက် မြေဧက ၁၆၀ ကျော်ကို အများပိုင်မြေအဖြစ် ပြန်လည်သတ်မှတ်ပေး ဖို့ ဒေသခံ ၁၀၀ ကျော်က ဒီကနေ့ လက်ပံတန်းမြို့ပေါ်မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

စားကျက်မြေတွေမှာ ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ လယ်သမားတချို့က ပုဂ္ဂလိကုမ္ပဏီ တစ်ခုကို ရွာကလူတွေကို အသိမပေးဘဲ ရောင်းချလိုက်တဲ့အတွက် ရွာမြေအဖြစ် ပြန်သတ်မှတ်ပေးဖို့ တောင်းဆိုတာလို့ ဆန္ဒပြပွဲဦးဆောင်သူ ဒေသခံ ဦးဇော်ဝင်း က ပြောပါတယ်။

"သက်ဆိုင်ရာဌာနအသီးသီးက တာဝန်ရှိပုဂ္ဂိုလ်တွေက ခွဲဝေပြီးတော့ ဒီလယ်သမား ၁၃ ဦးကို လယ်လုပ်ပိုင်ခွင့် ပေးပြီးတော့ သီးစားနဲ့ ပြန်ချထားတာပါ၊ အဲ့ဒီ ၁၃ ဦးကနေ ပြီးတော့ ကုမ္ပဏီတစ်ခုကို လက်လွှဲပြီးတော့ ရွာကလူတွေကိုမသိဘဲနဲ့ သူတို့ချင်း တိတ်တဆိတ် ၁ ဧကကို ၁၂ သိန်းနှုန်း နဲ့ ရောင်းလိုက်ကြတာပါ။" လို့ ဦးဇော်ဝင်း က ပြောတာဖြစ်ပါတယ်။

အဲ့ဒီလယ်သမား ၁၃ ဦးဟာ ၁၉၉၀ ခုနှစ်လောက်ကစပြီး အဲ့ဒီစားကျက်မြေတွေပေါ်မှာ သီးစားအနေနဲ့ လုပ်ကိုင်နေရာကနေ ၂၀၁၄ ခုနှစ်မှာ ကုမ္ပဏီတစ်ခု ကို ရောင်းစားလိုက်တာ ဖြစ်တယ်လို့ ဦးဇော်ဝင်း က ပြောပါတယ်။

အဲ့ဒီစားကျက်မြေတွေ ပြန်လည်ရရှိဖို့ အရင်အစိုးရလက်ထက်က လက်မှတ်ရေးထိုးပြီး တင်ပြခဲ့ပေမယ့် ဖြေရှင်းပေးခဲ့တာမရှိတဲ့အတွက် အစိုးရသစ်လက်ထက်မှာ ပထမဆုံး အကြိမ်ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။

မန်ကျည်းကွင်းကျေးရွာအုပ်စု ရွှေဘိုစု၊ ဂရံစံပြ၊ မန်ကျည်းကွင်း အနောက်စု၊ မန်ကျည်းကွင်း အရှေ့စု၊ မန်ကျည်းကွင်း၊ အုန်းကုန်း စတဲ့ ကျေးရွာ ၇ ရွာက ပိုင်တဲ့ အဲ့ဒီစားကျက်မြေတွေဟာ လက်ရှိမှာ ကုမ္ပဏီက စပါးစိုက်ပျိုးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။