မကွေး လယ်သမား ၁၇ ဦး မြေသိမ်းခံရမှု အိုင်အယ်လ်အို ကို တိုင်ကြား

မကွေးတိုင်း အောင်လံမြို့နယ် ရွာမထုန်း ကျေးရွာအုပ်စုက လယ်သမား ၁၇ ဦးဟာ သူတို့ပိုင်တဲ့ လယ်ယာမြေ တွေကို ဒေသခံ စစ်တပ်က သိမ်းယူလိုက်တဲ့ အတွက် ရန်ကုန်မြို့က အိုင်အယ်လ်အို ရုံးခွဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အမှုဖွင့် တိုင်ကြားလိုက်ပါတယ်။

2011.03.25
farmer-plough-305 လယ်ထွန်နေတဲ့ လယ်သမားသားအဖကို တွေ့ရစဉ်
AFP

အဲဒီ အောင်မြေသာရွာ ကျေးရွာက လယ်သမားတွေ ပိုင်တဲ့ လယ်ယာမြေ ဧကပေါင်း ၁၅၀ ကို အောင်မြေသာယာ ကျေးရွာနဲ့ ၅ မိုင်ခန့်မှာရှိတဲ့ ကပစ ၁၅ က ဒီနှစ်ဆန်းပိုင်းက သိမ်းယူခဲ့တာပါ။

လယ်ယာမြေတွေ အသိမ်းခံရတဲ့ လယ်သမား ၁၇ ဦးဟာ လက်ရှိ လုပ်ကိုင် စားသောက်စရာ လယ်မြေ မရှိတဲ့အပြင် နေစရာလည်း မရှိတော့ဘူးလို့ သူတို့ကို ကူညီလုပ် ဆောင်ပေးနေတဲ့ အောင်လံမြို့နယ်က ဦးသန်းစိုးက အာအက်ဖ်အေကို ပြောပါတယ်။

"အောင်မြေသာရွာ ကျေးရွာဆိုတာက ရွာမထုန်း ကျေးရွာအုပ်စုဗျ။ သူတို့နဲ့ ဆွေမျိုးနီးစပ်တွေဆီမှာ တောင်းပန်တိုးရှိုးပြီးတော့ နေစရာမရှိတဲ့အတွက် နေရတာတွေရှိတယ်။ ဒါကလဲ ယာယီပေါ့။ မိုးဦးကလည်း ကျတော့မယ်။ သူတို့မှာ အခက်အခဲ မြောက်များစွာ တွေ့နေရတယ်။ အဲဒါ ရန်ကုန်ကို ဒီကနေ့ သူတို့ရောက်နေကြပြီ။ NLD ဒုဥက္ကဌ ဦးတင်ဦးကိုလည်း တိုင်ကြားတယ်။ ILO ကိုလည်း တိုင်တယ်။ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရေး လကထောက် အရာရှိနဲ့ တွေ့တယ်။ သူကလည်း တိုက်ရိုက်ပါဘဲ။ ဂျနီဗာကိုလှမ်းပြီးတော့ စတီဗ် မာရှယ်ဆီကို ပို့ပေးပါမယ်တဲ့။ ဂျနီဗာ အစည်းအဝေးထဲကို ရောက်အောင် ပို့ပြီးပါပြီတဲ့။ သူက အဲဒီလိုဘဲ ကျနော်တို့ကို ပြောပါတယ်။"

အောင်မြေသာယာ ကျေးရွာဟာ အိမ်ထောင်စု ၅၀ ခန့်ရှိတဲ့ ကျေးရွာဖြစ်ပြီး၊ လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်ကလည်း အလားတူပဲ အဲဒီကျေးရွာက လယ်သမား ၃၃ ဦးထံက လယ်ယာမြေ ဧကပေါင်း ၃၀၀ ခန့်ကို ကပစ ၁၅ က သိမ်းယူခဲ့ဖူးတယ်လို့ လယ်သမားတွေက ပြောပါတယ်။

ကပစ ၁၅ ဟာ ၁၉၉၉ ခုနှစ်မှာ အောင်လံမြို့နယ်မှာ အကြီးစား စက်ရုံ တည်ဆောက်ခဲ့ပြီး စက်ရုံမှူးတွေက ဒေသခံ လယ်သမား တွေထံက တဧက နှမ်းတခွဲနှုန်း ဒါမှမဟုတ် ငွေကျပ် ငါးထောင် အမြဲတမ်း တောင်းခံတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသခံ အနီး ပတ်ဝန်းကျင်က ကျေးရွာပေါင်း ၁၃ ရွာက တောင်သူ လယ်သမားတွေဟာ ကပစ ၁၅ ရဲ့ ကြက်ဆူခင်းကို အမြဲတမ်း ဆိုသလို ပေါင်းရှင်းပေးရသလို ဝါး၊ မျော စတာတွေကိုလည်း အမြဲတမ်း ခုတ်ပြီးပို့ ပေးနေကြရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။