ရခိုင်ပြည်နယ်မှာ ခြောက်လအတွင်း တိုက်ပွဲဘယ်နှစ်ကြိမ်ဖြစ်ခဲ့လဲ


2019.06.12
buthidaung-huskie-622 ပြည်တွင်းပြည်ပ သတင်းထောက်များကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလက ဘူးသီးတောင်မြို့နယ်သို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်စဉ်။
Photo: RFA

ရခိုင်ပြည်နယ်မှာ ခြောက်လအတွင်း တိုက်ပွဲကြီးငယ် စုစုပေါင်းငါးရာကျော်ပြီလို့ AA ရခိုင့်တပ်တော်က ပြောဆိုပေမယ့် မြန်မာ့တပ်မတော်ကတော့ တိုက်ပွဲ ၁၅ဝ ကျော်သာ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်တော်တို့ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေ စတင်ခဲ့တဲ့ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလကနေ လက်ရှိ ၂ဝ၁၉ ဇွန်လအထိ တိုက်ပွဲပေါင်းငါးရာကျော် နေပြီလို့ AA ရခိုင့်တပ်တော်က ပြောပါတယ်။

“တိုက်ပွဲအကြိမ်ရေကတော့၊ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ကနေ ၃၁ အထိ ၁၃ ကြိမ်၊ ဇန်နဝါရီလမှာ ၂၉ ကြိမ်၊ ဖေဖေါ်ဝါရီလမှာ ၃၁ ကြိမ်၊ မတ်လမှာ ၆၁ ကြိမ်၊ဧပြီမှာ ၂၆ ကြိမ်၊ မေလမှာ ၆၅ ကြိမ်နဲ့ ဇွန်လ ၁၁ ရက်နေ့ထိ ၁၂ ကြိမ်ဖြစ်ခဲ့တယ်။ အကုန်လုံးပေါင်းရင်မိနစ် ၃ဝ အထက်ဖြစ်တဲ့တိုက်ပွဲပေါင်း က  ၂၃၇ ကြိမ်ပေါ့။ မိနစ် ၃ဝ အောက်ဖြစ်တဲ့တိုက်ပွဲအကြိမ်ရေကသုံးရာကျော်ရှိတယ်။ စုစုပေါင်း ၅ဝဝ ကျော်တယ်”

AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ပြောသွားတာပါ။ မြန်မာ့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့

“ထိတွေ့မှုအားလုံးပေါင်းတော့ ၁၅ဝ ကျော်လောက်တော့ရှိတယ်ဗျ”

အဲဒီတိုက်ပွဲတွေအတွင်း မြန်မာ့တပ်မတော်ကဘက်က အယောက်တစ်ထောင်ကျော်ကျဆုံးတယ်လို့ လည်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကပြောပါတယ်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ဒီကိန်းဂဏန်းနဲ့ ပတ်သက်ပြီး ငြင်းဆိုပါတယ်။

“ကျနော်တို့ဘက်ကတော့ ကျဆုံးစာရင်းတို့၊ ရန်သူဘက်က ကျဆုံးစာရင်းတို့ ပုံမှန်အားဖြင့် မထုတ်ပြန်ဘူးဗျ။ ဘာလို့လည်းဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်သိပ်ပြီးတော့လည်း အကျိုးမဖြစ်ပါဘူး။ ကျနော်တို့ကတော့ စစ်ဆင်ရေးပြီးမှပဲ ထုတ်ပြန်လေ့ရှိတယ်။ ခုလောလောဆယ်တော့ ထုတ်မပြောနိုင်သေးပါဘူး။ သူတို့ပြောတဲ့အရေအတွက်တော့ မရှိပါဘူး။ ခုနပြောတဲ့ ဟာထက် ဆယ်ပုံတစ်ပုံတောင် မရှိပါဘူး”

AA အဖွဲ့ဘက်က ကျဆုံးစာရင်းရော မြန်မာ့တပ်မတော်က ဘယ်လိုပြုစုထားသလဲ ဆိုတော့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက…

“ဦးဇော်ဌေးပြောတဲ့ဟာတော့ ရှိတယ်ဗျ။ ၈ဝ ကျော်လောက်တော့ ရှိတယ်၊ AA ဘက်က”

မနေ့က ဇွန်လ ၁၁ ရက်နေ့မှာတော့ ဘူးသီးတောင်မြို့နယ်ထဲက AA ရခိုင့်တပ်တော်ရဲ့ တပ်ဖွဲ့တွေရှိတဲ့နေရာကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင်တဲ့အတွက် တရက်တည်းမှာ တိုက်ပွဲသုံးကြိမ်ဖြစ်ခဲ့တယ်လို့ AA အဖွဲ့က ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် တောင်ရွာအရှေ့ဘက်မှာ ဒေသစံတော်ချိန် မနက် ၈ နာရီခွဲလောက်ကတကြိမ်၊ နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်မှာ တကြိမ်ဖြစ်ခဲ့ပြီး၊ အဲဒီအချိန်မတိုင်ခင်က စိုင်းပြင်ချောင်းရဲ့ အနောက်ဖက်ကမ်းမှာ ဖြစ်ခဲ့တယ်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ မြန်မာ့တပ်မတော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ မနေ့ကတိုက်ပွဲတွေမရှိခဲ့ဘူးလို့ ငြင်းဆိုပါတယ်။

“မနေ့က ဘယ်နေရာမှတိုက်ပွဲမဖြစ်ခဲ့ဘူးခင်ဗျ”

အဲဒီတိုက်ပွဲသုံးကြိမ်မှာ မြန်မာ့တပ်မတော်ဘက်က အရာရှိတယောက်အပါအဝင် အခြားအဆင့် ၁၈ ယောက်လောက် ကျဆုံးတယ်လို့ AA အဖွဲ့ကပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ဖက်ဝန်းချောင်းတောင်မှာ မျစ်ချိုးဖို့သွားတဲ့ ရွာသား ဦးရဲထွန်းဟာ  မနေ့မနက် ၈ နာရီ ၁ဝ မိနစ်လောက်က AA အဖွဲ့က ထောင်ထားတဲ့ ဒေသန္တရ နင်းမိုင်းတစ်လုံး ပေါက်ကွဲလို့  ဦးရဲထွန်း ဒဏ်ရာတွေ ရရှိခဲ့ပြီး ကျောက်တော်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင် ဆေးကုပေးထားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

AA အဖွဲ့ကထောင်ထားတဲ့မိုင်း ဆိုတဲ့စွပ်စွဲချက်နဲ့ပတ်သက်လို့တော့ ခိုင်သုခက အခုလိုပြောပါတယ်။

“အဲဒီလိုမိုင်းထောင်တာမျိုး ကျနော်တို့ဘက်က မလုပ်ပါဘူး။ ဘာလို့ဆိုတော့ ကျနော်တို့အဖွဲ့တွေကလည်း အခြေစိုက်စခန်းနဲ့ နေတာမဟုတ်ဘဲ ရွေ့လျားသွားလာနေတာလေ။ အဲဒီတော့ ကျနော်တို့အဖွဲ့တွေလည်း ပြန်ရောက်နိုင်ပြီး နင်းမိတာတွေ ဖြစ်နိုင်တာပေါ့။ မြန်မာ့တပ်မတော်ကတော့ သူတို့ စခန်းချပြီဆိုရင် စခန်းလုံခြုံရေးအတွက် အဲဒီအနီးတဝိုက်မှာ မိုင်းထောင်ထားတယ်။ လုံခြုံရေးမိုင်း ဆိုတာပေါ့။ ပြီးတော့ ပြန်ရှင်းမသွားတဲ့အခါ ရွာသားတွေထိခိုက်တာပဲ၊ ကျနော်တို့မိုင်းထောင်ပြီး သူတို့စစ်ကြောင်းကို တိုက်တာကလည်း စနစ်တကျ ထိန်းချုပ်နိုင်တဲ့မိုင်းတွေပဲဗျ”

အခုဆိုရင် မြန်မာပြည်မြောက်ပိုင်းမှာ တပ်မတော်ဘက်က ပစ်ခတ်တိုက်ခိုက်တာတွေ ရပ်ထားမယ်လို့ အချိန်ထပ်တိုး ကြေညာထားတာဟာ ဇွန်လကုန်မှာ ပြည့်တော့မှာဖြစ်ပါတယ်။ တဘက်မှာလည်း AA အပါအဝင် မြောက်ပိုင်း လက်နက်ကိုင်မဟာမိတ်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ကြေညာထားပေမယ့်၊ ဆွေးနွေးပွဲ ကျင်းပမယ့်နေရာကို သဘောတူညီမှုမရသေးတဲ့အတွက် ရပ်တန့်နေပါတယ်။

ဆွေးနွေးပွဲနေရာ ရွေးနေရတာဟာ နှစ်ဖက်လုံးရဲ့သြဇာသက်ရောက်မှုကင်းပြီး၊ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ဖို့နဲ့ သတင်းမီဒီယာတွေနဲ့ လွတ်လွတ်လပ်လပ် တွေ့ခွင့်ရဖို့ဖြစ်တယ်လို့ AA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီနေ့မှာ NRPC ငြိမ်းချမ်းရေးကော်မရှင်က အစည်းအဝေးထိုင်နေပြီး၊ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ မကြာခင်မှာ တခုခုကြားရမှာပါလို့ မြန်မာ့တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။