ရခိုင်စစ်ဘေးဒုက္ခသည်စခန်း မီးလောင်မှု လူ ၂၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

ဦးသစ်ဆင်း(ဝါရှင်တန် ဒီစီ)
2021-03-18
Share

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ဒုက္ခသည်အရေအတွက် အများဆုံးခိုလှုံနေတဲ့ တိမ်ညိုစစ်ဘေး ဒုက္ခသည် စခန်းမှာ မနေ့ညက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ဒီစခန်းမှာ အခန်းပေါင်း ၈၇၅ ခန်းရှိပြီး အဲဒီအထဲက အိမ်ခန်း ၆၆၀ ကျော် မီးလောင်ဆုံးရှုံးသွားတာပါ။ စခန်း တစ်ခုလုံးမှာ ဒုက္ခသည် ၃၃၀၀ ကျော်ခိုလှုံနေတာဖြစ်ပြီး အဲဒီအထဲက မီးကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ လူပေါင်း ၂၅၀၀ ကျော်ကို ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ လတ်တလော နေရာချပေးထား ရတယ်လို့ စခန်းတာဝန်ခံ ဦးစိုးနိုင်က ပြောပါတယ်။

“မီးလောင်မှုကြောင့် အခန်း ၆၆၃ ခန်း မီးထဲပါသွားပါတယ်။ မီးဘေးဒုက္ခသည် စုစုပေါင်းကတော့ ၂၅၆၅ ဦးပါ။ အခုကတော့ တိမ်ညိုဘုန်းကြီးကျောင်း(၁) ဓမ္မာရုံမှာ အခုကျောင်းဝင်းထဲမှာပဲ နေရာချထားပါတယ်။ နောက်ပြီး ဘုန်းကြီးကျောင်းနဲ့ကပ်လျက် မူခွဲကျောင်းမှာလည်း နေရာချထားပေးပါတယ်ခင်ဗျ”

မနေ့ကည ၈ နာရီ ၁၀ မိနစ်လောက်မှာ မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး မီးသတ်ကားတွေနဲ့ ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ပြီးနောက် ည ၉ နာရီ ၁၀ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထား ပါတယ်။

မြောက်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးဆန်းလွင်ကတော့ ဖယောင်းတိုင်မီးကနေတဆင့် လောင်ကျွမ်းတာ ဖြစ်ပြီး အိမ်ခန်းပျက်စီးဆုံးရှုံးမှုတန်ဖိုးက ကျပ်ငွေ ၂၈ သန်းခန့်ရှိတယ်လို့ ပြောပါတယ်။

“မီးလောင်တာကတော့ ဒေါ်ဖြူနုချေအိမ်မှာ ဖယောင်းတိုင်မီးထွန်းထားခဲ့ရာကနေ အဲဒီဖယောင်းတိုင်က လဲပြီးတော့ ဘေးကကာထားတဲ့ထရံကို မီးကူးစက်လောင်ကျွမ်းတာပါခင်ဗျ။ ဆုံးရှုံးမှုတန်ဖိုးကတော့ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးက ၂၈ သန်းကျပ်ခန့် ဖြစ်ပါတယ်ခင်ဗျ”

ဒေါ်ဖြူနုချေကိုလည်း မီးပေါ့ဆမှုနဲ့ မြောက်ဦးမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့လည်း သူက ပြောပါတယ်။

မနေ့က မီးလောင်မှုအတွင်း အသက် ၂၃ နှစ်အရွယ် မသိန်းမေဆိုတဲ့ အမျိုးသမီးငယ်ဟာ သူ့ညီမရဲ့သမီးဖြစ်သူ အသက် ၂ နှစ်အရွယ်ကလေးငယ်ကို မီးလောင်နေတဲ့ အဆောင်ထဲကနေ ကယ်ထုတ်ခဲ့ရာမှာ နှစ်ယောက်စလုံး မီးလောင်ဒဏ်ရာတွေရရှိပြီး တိမ်ညိုတိုက်နယ်ဆေးရုံကို တင်ထားရတယ်လို့ အခင်းဖြစ်နေရာမှာရှိနေတဲ့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် ဦးကျော်ဝင်းလှိုင်က သူတို့မှာ အဝတ်အထည်ကအစ အားလုံးမီးထဲပါသွားတာကြောင့် အကူအညီတောင်းချင်ကြောင်းပြောပါတယ်။

“မီးစလောင်တဲ့နေရာဟာ ကျွန်တော်တို့အိမ်နဲ့ဆို တစ်လမ်းပဲခြားပါတယ်။ မီးလောင်နေချိန်မှာ ကိုယ့်အိမ် ထဲက ပစ္စည်းတွေကို ဘာတစ်ခုမှယူဖို့ အချိန်မရလိုက်ဘူး။ ခါးဝတ်တစ်ခုတည်းနဲ့ပဲ ကျွန်တော်တို့ အပြင် ကိုထွက်ပြေးရတယ်။ ကျွန်တော်တို့ အကူအညီတောင်းချင်တာကတော့ အခုလတ်တလော ဆုံးရှုံးသွား တဲ့အိမ်တွေ၊ လူသုံးပစ္စည်းတွေ၊ ပြီးရင် အဝတ်အစားနဲ့ ခြင်ထောင်တွေ ဒါကို နံပါတ်တစ် ဦးစားပေးအနေနဲ့ အကူအညီ တောင်းချင်ပါတယ်”

ဒီနေ့မနက်ကတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)က ဆန်အိမ် ၈၇၅ အိတ်နဲ့ ဆီ၊ ပဲ စတာတွေကို လာရောက်လှူဒါန်းထားတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှူး ဦးဝင်းဇော်ဌေးကလည်း လတ်တလော အရေးပေါ်ကူညီထောက်ပံ့ရေး ပစ္စည်းတွေ သွားရောက်ထောက်ပံ့ဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ဌာနကနေပြီးတော့မှ အိမ်ထောင်စုတစ်စုကို ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါတဲ့ ပုံးတစ်ပုံးစီပေါ့။ အခုလက်ရှိ အိမ်ခန်းမီးလောင်သွားတဲ့ အိမ်ထောင်စု ၆၆၃ စုအတွက် ထောက်ပံ့ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်ဗျ။ အဲဒီ ၁၇ မျိုးက ကျားလုံချည်၊ မလုံချည်၊ ဒန်အိုး၊ ဇလုံ၊ စောင်၊ မျက်နှာသုတ်ပုဝါ၊ ဆပ်ပြာ၊ သောက်သုံးရေခွက် စသဖြင့် အိမ်ထောင်သုံးပစ္စည်းတွေပေါ့ ဒီနေ့ချက်ချင်း ထောက်ပံ့ဖို့ လမ်းညွှန်ထားပါတယ်။ ကျွန်တော်ကလည်း ခရိုင်မှူးကို လှမ်းပြောပြီးတော့မှ အမြန်ဆုံး ထောက်ပံ့ဖို့ ဒီနေ့ ထောက်ပံ့ဖို့အတွက်ကို ပြောထားပါတယ်ဗျ။ ဒါတွေက လတ်တလောအသုံးဝင်မယ့် ပစ္စည်း ၁၇ မျိုးပေါ့”

တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းဟာ ရက္ခိုင့်တပ်တော်(AA)နဲ့ တပ်မတော်တို့အကြား စစ်ရေးပဋိပက္ခတွေ ကြောင့် လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ဆန်းပိုင်းလောက်ကပင် အနီးအနားကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံတွေ ခိုလှုံနေတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။

အခုအချိန်မှာ နှစ်ဘက်အပစ်အခတ်တွေ ရပ်စဲနေပေမယ့် တရားဝင်လက်မှတ်ထိုးရပ်စဲထားတာ မဟုတ်ဘဲ လုံခြုံစိတ်ချရတဲ့ အခြေအနေမဟုတ်သေးလို့ဆိုပြီး နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

စိတ်ချရတဲ့အခြေအနေတစ်ခုကို မရောက်မချင်း ဒုက္ခသည်စခန်းမှာ တဲအိမ်တွေကို ပြန်လည်တည်ဆောက်ပြီး နေထိုင်ချင်သေးကြောင်းလည်း ဒုက္ခသည်တွေက ပြောနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့