ဒေသတွင်း ၅ နိုင်ငံ ပညာရေးဆွေးနွေးပွဲ ပြီးဆုံး


2015.01.07

မြန်မာနိုင်ငံက ကျောင်းဆရာ၊ ဆရာမတွေအပါအဝင် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စတဲ့ နိုင်ငံ ၅ နိုင်ငံက ဆရာ၊ ဆရာမတွေကို ပညာသင်ကြားရေးနဲ့ ပတ်သက် ပြီး နည်းပညာပိုင်းဆိုင်ရာ မြင့်တင်ပေးတဲ့ ဆွေးနွေးပွဲ တစ်ခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ရာမှာ မနေ့က ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

သုံးရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ အာရှ ၅ နိုင်ငံက ဆရာ၊ ဆရာမတွေရဲ့ ဆွေးနွေးပွဲ နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ် မူဆယ်မြို့ကနေ တက်ရောက် ခဲ့တဲ့ ICTC ခေါ် နိုင်ငံတကာ ကလေးသူငယ် လေ့ကျင့်ရေး ဌာန ကျောင်းအုပ် ဦးခင်မောင်အေး က RFA ကို အခုလို ပြောပါတယ်။

"ဒီအာရှ ၅ နိုင်ငံဆွေးနွေးပွဲက အခုမှ ပထမဦးဆုံးအကြိမ်လုပ်တာ၊ ကျနော်တို့ ရည်ရွယ်ချက်ကတော့ ဒီ ၅ နိုင်ငံမှာရှိတဲ့ မူလတန်းပြ အင်္ဂလိပ်စာ ဆရာ၊ ဆရာမတွေရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ သင်ကြားရေး နည်းစနစ်တွေကို မြှင့်တင်ပေးဖို့၊ ပြီးရင် အဲ့ဒီ ဆရာ၊ ဆရာမတွေ တစ်ယောက်နဲ့ တစ်ယောက်ရင်းနှီး သွားပြီးတော့မှ သူ့ဒေသ၊ ကိုယ့် ဒေသမှာရှိတဲ့ သင်ကြားရေး နည်းစနစ်တွေကို ဆက်သွယ်ပြီးတော့ မှ၊ ပြန်လည်မျှဝေပြီးတော့ ကွန်ရက်တစ်ခုဖြစ် လာအောင် လုပ်ဆောင်ရတာပါ "

ဆွေးနွေးပွဲမှာ ကျောင်းသူကျောင်းသားတွေကို ပညာသင်ကြားတဲ့အခါ သင်ထောက်ကူ ပစ္စည်းတွေနဲ့ သင်ကြား နည်းပညာ၊ သင်ခန်းစာတွေကို ပြင်ဆင်ပုံနည်း စနစ်တွေ၊ စာသင် တဲ့ပုံစံမျိုးမဟုတ်ပဲ ပေါ့ပေါ့ပါးပါး သင်ပြနည်းတွေ အပြင် လက်ရှိသင်ကြားနေကြရတဲ့ ပညာရေးနည်းစနစ်နဲ့ လက်တွေ့ဖြစ်သင့်တာတွေ ကိုလည်း ဆွေးနွေးဖလှယ်ခဲ့ကြ တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာလည်း တစ်ခြားနိုင်ငံတွေနဲ့ ကွာဟမှုတွေရှိနေပြီး ဒီလို ဆွေးနွေးပွဲမျိုးတွေကို အစိုးရက ဦးဆောင်ပြီး မြန်မာနိုင်ငံတွင်း က ကျောင်းဆရာ၊ ဆရာမတွေကို ပညာရေးစနစ်မြင့်တက်လာဖို့ ဦးဆောင်စီစဉ်ပေးဖို့တွေ လိုအပ်နေတယ် လို့လည်း ဦးခင်မောင်အေး က ပြောပါတယ်။

"လက်ရှိ ပညာရေးစနစ်နဲ့ကျတော့ ဥပမာ ကျနော်တို့နိုင်ငံမှာဆို ဒီလိုမျိုးဆွေးနွေးပွဲတွေ အများကြီး လိုနေတယ်၊ ဒီလို နည်းစနစ်တွေကို မျှဝေပေးမယ့် ဆရာ၊ ဆရာမတွေ အများကြီး လိုနေတယ်၊ ဆရာ၊ ဆရာမ တော်တော်များများက စာသင်လို့ရှိရင် စာအုပ် ထဲက ခေါင်းစဉ်ကိုပဲ ပြောပြီးသင်သွားကြတာ ရှိတယ်လေ၊ ကလေးတွေကို ပျော်အောင်၊ နွေးနွေးထွေးထွေးလေးနဲ့ ကျောင်းလာချင်အောင် တစ်ချက်ခုတ် နှစ်ချက်ပြတ်မဟုတ်ဘဲ နဲ့ ဒီလိုအများကြီးရ သွားအောင် ဒီလို သင်ပေးတဲ့နည်းစနစ်က နိုင်ငံတကာမှာလဲ သုံးနေတာ၊ ကွာတာပေါ့ ကျနော်တို့ နိုင်ငံမှာရှိတဲ့ ကျောင်းအုပ် တော်တော်များများကျတော့ အဲ့လို မျိုးတွေ လုပ်ပေးနိုင်တာ တအားနည်းတယ် "

နိုင်ငံ ၅ နိုင်ငံက ဆရာ ဆရာမတွေ အခုလို တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် ထိုင်းနိုင်ငံ အခြေစိုက် တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ ပညာရေးအဖွဲ့က ဦးဆောင်စီစဉ် ခဲ့တာ ဖြစ်ပြီး ကျောင်းဆရာ ဆရာမ ၅၀ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။