မိုင်း မတော်တဆပေါက်ကွဲပြီး ဝက်လက် PDF တပ်ဖွဲ့ဝင် ငါးဦး သေဆုံး

2022.08.05
မိုင်း မတော်တဆပေါက်ကွဲပြီး ဝက်လက် PDF တပ်ဖွဲ့ဝင် ငါးဦး သေဆုံး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဝက်လက်မြို့နယ် PDF တပ်ရင်း(၂) မှ ဦးဆောင်ပြီး ၇၅ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားအား ကျင်းပခဲ့စဥ်
Photo: Wetlet People's Defense Force Battalion 2

ဩဂုတ်လ ၄ ရက် မနေ့က စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် မန္တလေး - ရွှေဘိုကား လမ်းဘေး တစ်နေရာမှာ လက်လုပ်မိုင်း တပ်ဆင်ရာကနေ မိုင်း မတော်တဆပေါက်ကွဲပြီး ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့တယ်လို့ အဲဒီအဖွဲ့ တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မန္တလေး - ရွှေဘိုကားလမ်းမပေါ် ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲ တိုက်ခိုက်ဖို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆင်နေစဉ် ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပြီး တပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝက်လက်မြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။

“စစ်ကောင်စီတပ်လာတယ်ဆိုပြီး မိုင်းဆင်တာ ခြောက်ယောက်၊ အဲဒီထဲက ငါးယောက် ဆုံးတယ်။ တစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာရတယ်၊ မနေ့ကပဲ ကျနော်တို့ သင်္ဂြိုဟ် ပြီးစီးတယ်။ ဒဏ်ရာရတဲ့တစ်ယောက်ကိုတော့ ဆေးကုသမှုတွေ လုပ်ပေးနေပါတယ်”

အင်အားကြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတဲ့ စစ်ကိုင်းတိုင်းထဲက ဝက်လက် မြို့နယ် PDF အဖွဲ့ဟာ လက်နက်မလုံလောက်တာကြောင့် လက်လုပ်မိုင်းတွေကို အားကိုး တိုက်ခိုက်နေရပြီး နည်းပညာ အားနည်းချက်ကြောင့် အခုလို တပ်ဖွဲ့ဝင် ငါးဦး သေဆုံးရတာ လို့လည်း သူက ဆက်ပြောပါတယ်။

သေဆုံးခဲ့သူတွေဟာ ဝက်လက်မြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် အမျိုးသား ငါးဦးဖြစ်ပြီး နာမည်နဲ့အသက်တွေကိုတော့ အတိအကျ မသိရသေး ပါဘူး။

အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက် ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။

စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်ကို တိုက်ခိုက် တဲ့အခါ လက်နက်အင်အား မမျှတာကြောင့် ထိုးစစ်တွေ ဖော်ဆောင်တာမျိုး မလုပ်နိုင်ဘဲ ပြောက်ကျားနည်းစနစ်ဖြစ်တဲ့ မိုင်းဆွဲတိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေကို အဓိကပြုလုပ်နေတာလို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ အာဏာသိမ်း ၁၈ လအတွင်း PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် ရဟန်းသံဃာ၊ အစိုးရအဖွဲ့ဝန်ထမ်း၊ အုပ်ချုပ် ရေးဆိုင်ရာတာဝန်ရှိသူတွေအပါအဝင် အရပ်သား ၃၄၈၃ ဦး သေဆုံးခဲ့ကြောင်း ဩဂုတ် ၁ ရက် မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၄ ရက်နေ့ထိ စာရင်းတွေအရ ရဲနဲ့ စစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ ၂၁၅၇ ဦး သေဆုံးပြီး ၁၁,၈၉၄ ဦး ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။