တိုင်းနဲ့ပြည်နယ် လေးခုမှာ တစ်ပတ်အတွင်း ရေကြီးရေလျှံမှုတွေကြောင့် လူဦးရေ တစ်သောင်းခွဲနီးပါး ရွှေ့ပြောင်းနေရပြီး လူတစ်ဦး သေဆုံးခဲ့ပါတယ်။
တနင်္သာရီတိုင်းမှာ ပြောင်းရွှေ့ရသူ အများဆုံးဖြစ်တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပြောပါတယ်။
"ကျနော်တို့ကတော့ အားလုံးအတွက် ဆန်တစ်ပတ်စာပေးတယ်၊ ငါးသေတ္တာ တစ်အိမ်ထောင် သုံးဗူးနှုန်းနဲ့ ပေးခဲ့တယ်၊ နောက် ဟိုဘက်မှာ ရေး၊ မြဝတီဘက်မှာလည်း ရှိသေးတယ်၊ ကျနော့်လူတွေ ဆောင်ရွက်နေတယ်၊ အဓိကကတော့ လတ်တလော စားရေးသောက်ရေး အဆင်ပြေအောင် ဆန်ရိက္ခာတွေ ထောက်ပံ့ပေးနေတယ်၊ သထုံမှာလည်း ရေနည်းနည်းရှိသေးတယ်၊ ရေးမြို့ကတော့ ရေပြန်ကျသွားပြီ၊ မြဝတီက နည်းနည်းရှိသေးတယ်၊ အများကြီးက တနင်္သာရီမှာပဲများတာ၊ ဒီနှစ်ကတော့ အရင်ကမဖြစ်တဲ့နေရာတွေ ဒီနှစ်စနေတယ်၊ တနင်္သာရီတို့၊ မွန်တို့က နည်းတယ်၊ အရင်နှစ်က၊ အခုကတော့ ဒီနှစ်က များတာပေါ့လေ"
တနင်္သာရီတိုင်းမှာ လှေမှောက် သေဆုံးသူတစ်ဦးရှိပြီး ဆန်လိုအပ်ချက်ရှိနေတယ်လို့ တနင်္သာရီမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့ကနေ ဒီနေ့အထိ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းတို့မှာ မိုးကြီးတာ၊ မြစ်ရေမြင့်တက်တာတွေကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စုပေါင်း ၃ဝဝဝ နီးပါး လူဦးရေ စုစုပေါင်း တစ်သောင်းခွဲနီးပါး ရွှေ့ပြောင်းနေထိုင်နေရတာဖြစ်ပါတယ်။ တနင်္သာရီ ကျောင်းပေါင်း ၃ဝ ကျော်ပိတ်ထားရတာ တစ်ပတ်နီးပါးရှိပြီဖြစ်ပါတယ်။
တနင်္သာရီမှာ လူဦးရေ ၆ ထောင်ကျော်၊ မွန်ပြည်နယ်မှာ ၁၅ဝဝ ကျော်၊ ကရင်ပြည်နယ် လူဦးရေ ၆ ထောင်ကျော်၊ ပဲခူးတိုင်းတို့မှာ လူဦးရေ ၁၆ဝ ကို ရေလွတ်ရာ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေကို ရွှေ့ပြောင်းပေးထားပြီး ကူညီထောက်ပံ့တာတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
အဲဒီပြည်နယ်နဲ့တိုင်း ၄ ခုမှာ ရေဘေးကယ်ဆယ်ရေးစခန်း စုစုပေါင်း ၄၄ ခုဖွင့်ထားပြီး ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
အလားတူ ကရင်ပြည်နယ်မှာလည်း လှိုင်းဘွဲ့၊ ဘားအံ၊ ကော့ကရိတ်နဲ့ မြဝတီမြို့တွေမှာ သံလွင်မြစ်ရေတက်တာ၊ သောင်ရင်းမြစ်ရေတက်တာနဲ့ တောင်ကျချောင်းတွေကြောင့် ရေကြီးနစ်မြုပ်တာတွေဖြစ်နေပါတယ်။
လှိုင်းဘွဲ့မြို့နယ်မှာဆိုရင် မြို့ရဲ့ ၉ဝ ရာခိုင်နှုန်းနီးပါး ရေကြီးနစ်မြုပ်နေပြီး ကော့ကရိတ်မြို့မှာဆိုရင် တံတားငယ် ၆ စင်းလောက် ရေစီးနဲ့ မျောပါသွားတာကြောင့် ကယ်ဆယ်ရေးပစ္စည်းတွေပေးဖို့ သွားလာရေးအခက်အခဲရှိနေတယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး မင်းတင်ဝင်းက ပြောပါတယ်။