အငှားချထားတဲ့ စစ်တပ်ရန်ပုံငွေ ဆိုင်ခန်းတွေ ပြန်ပေးဖို့ ခြိမ်းခြောက်

မန္တလေး မဟာအောင်မြေမြို့နယ်၊ မန္တလေး တက္ကသိုလ်အနီ်း၊ ၇၃ လမ်း ၃၇-၃၈ လမ်းကြားက ငွေစာရင်းနဲ့ မှတ်တမ်းရုံး နံဘေးမှာ ၁၉၈၅ ခုနှစ် ကတည်းက တရားဝင် နေထိုင်လာကြတဲ့ လူနေ ဆိုင်ခန်း ၂ဝ ခန့်ကို တိုင်းစစ်ဌာနချုပ်က ၃ ရက် အတွင်း ပြောင်းရွှေ့ဖို့နဲ့ မပြောင်းရင် အင်အားသုံး အရေးယူမယ့်အကြောင်း ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

2011.05.21

အခြိမ်းခြောက်ခံရသူ ကာယကံရှင် တဦးကတော့ ဒီဆိုင်ခန်းတွေမှာ နှစ်ပေါင်းများစွာ သူတို့ တရားဝင် နေထိုင်ခဲ့တာ ဖြစ်ကြောင်း RFA ကို ပြောပြပါတယ်။

“ကျနော်တို့ကလည်း ရန်ပုံငွေကို ပုံမှန် သွင်းပေးခဲ့တယ်။ နောက်ထပ် တကြိမ်လည်း တပ်ရန်ပုံငွေပြီးတော့ စစ်ဦးစီးချုပ်ရုံးကို ဘဏ်ကနေ ကျနော်တို့ရဲ့ လခတွေကို လွှဲပေးခဲ့ရတယ်။ စုဆောင်းရေးတပ် လက်ထက် ရောက်တဲ့အချိန်မှာ အဲဒီလိုဖြစ်သွားတာ။ အခု ဒီနှစ်ပိုင်းကျမှ ကျနော်တို့ကို ဖယ်ခိုင်းတယ်ပေါ့”

အဲဒီနေရာတွေဟာ အမှတ် (၇၆) ခြေလျင်တပ်ရင်း ရှိစဉ်က တပ်-စည်ပင်သာယာက တရားဝင် ခွင့်ပြုချက်နဲ့ အခွန်ဆောင် နေထိုင်လာတာ ဖြစ်ပြီး စစ်တပ်အဆက်ဆက်မှာ ဘာပြဿနာမှ မရှိဘဲ အခု မှတ်တမ်းရုံး ရောက်ရှိလာမှ စတင် ဖယ်ခိုင်းခဲ့တာလို့ သိရပါတယ်။ ကာယကံရှင် အိမ်ရှင် တဦးက အခုလို ပြောပြပါတယ်။

“၁၈ ရက်နေ့မှာ ဒု-တိုင်းမှူးက လာပြီး ဖယ်ခိုင်းတယ်။ ၁၉ ရက်နေ့ကျတော့ ဒု-တိုင်းမှူးကြီးက အကုန်လုံးကို တင်ပြပါလို့ ပြောပြီး ကျနော်တို့ကို နန်းတွင်းကို ခေါ်သွားတယ်။ ပြီးတော့ လပခ မြေစာရင်းဌာနက ဒုတိယဗိုလ်မှူးကြီး သက်ထွန်းက သူကိုယ်တိုင်ပြောတယ်။ ကျနော်တို့ကို သုံးရက်အတွင်း ဖယ်ပေးကြပေါ့။ မဖယ်ပေးရင် လူကို အရေးယူမယ်၊ အင်အားသုံးမယ်လို့ ပြောတယ်။ စစ်တပ်နဲ့ အမှု ရင်ဆိုင်မယ်ဆိုရင် မဖယ်နဲ့ လို့လည်း ပြောတယ်။ ပြီးတော့ ဥပဒေနဲ့ လုပ်လုပ် ဘာနဲ့ လုပ်လုပ် ခင်ဗျားတို့ ရှုံးမှာပဲ လို့လည်း ပြောတယ်။ မရွှေ့လို့ရှိရင် ဘူဒိုဇာနဲ့ ထိုးမယ်လို့ ခြိမ်းခြောက်တယ်”

အခုလို ရွှေ့ပြောင်းခိုင်းရာမှာ နေရာ အစားထိုး စီစဉ်ပေးတာလည်း မရှိဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။