လူငယ်ကွန်ရက် ဖွဲ့စည်းမှု NLD ဦးတင်ဦး ရှင်းလင်းပြောကြား
2011.01.08
‘ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ...’ ဟူသော စာတမ်းပါ တီရှပ်ဆင်တူ ဝတ်ဆင်၍ နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့် စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)
ဒီ ကြေညာချက်နဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ လူငယ်တွေအကြား၊ အထူးသဖြင့် NLD လူငယ် တချို့အကြား မကျေမနပ် ပြောဆိုသံတွေ ပေါ်ထွက်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကိုမျိုးရန်နောင်သိန်း ကို သီးခြား တာဝန်ပေးခဲ့ခြင်းတော့ မရှိပါဘူးလို့ NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားကွန်ရက်လို့ ပြောတာလည်း မဟုတ်ဘူး။ ကို မျိုးရန်နောင်သိန်းတို့ ဒီလိုပဲ စပြီး ကွန်ရက်ကြီး လုပ်တော့လို့ ပြောတာလည်း မဟုတ်ဘူး။ မနေ့က ကျနော် မေးပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည် ပြောတာကို ကျနော် နားထောင်ရသလောက်က သူက ကိုမျိုးရန်နောင်သိန်းကို ခေါ်ပြီးတော့ ဘယ်လိုဘယ်လိုလုပ် ဆိုပြီး ဒီလိုပြောတာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောတာက သူ ဒီလူတွေနဲ့ ပတ်သက်ပြီး တာဝန်ပေးတာ မဟုတ်ဘူးတဲ့။ ဒါနဲ့ ပတ်သက်လို့ သူတင်မဟုတ်ဘူး။ ဒီပြင့် လူငယ်တွေလည်း ရှိသေးတယ်ဗျ။ ဒီ့ပြင် လူငယ်တွေကတော့ ကျနော် ထင်တယ်။ မလုပ်တတ် မကိုင်တတ်လို့လားတော့ မပြောတတ်ဘူး။ ကိုမျိုးရန်နောင်သိန်းကတော့ တော်တော်လေး လုပ်ချင်ကိုင်ချင်စိတ် တက်ကြွတဲ့စိတ်ဓာတ် ရှိနေတာတော့ အမှန်ပဲ။ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ သူက အကောင်းဆုံး၊ အတက်ကြွဆုံး သူ့နည်းသူ့ဟန်နဲ့ လုပ်နေတာတော့ အမှန်ပဲ။ သို့သော် သူ့ကို ဒီကိစ္စနဲ့ ပတ်သက်လို့ တာဝန်ပေးတယ် ဘာညာ ဒီလိုတော့ မဟုတ်သေးဘူးဗျ”
ဒီကိစ္စနဲ့ ပတ်သက်ပြီး လူငယ်တွေရဲ့ တက်ကြွမှုကို မိမိတို့ NLD ခေါင်းဆောင်တွေက နားလည်ပါကြောင်း၊ ကိုမျိုးရန်နောင်သိန်း ကိုယ်တိုင်လည်း မနေ့ကပဲ မိမိကို လာရောက် ရှင်းပြခဲ့ပြီ ဖြစ်ကြောင်းလည်း ဦးတင်ဦးက ပြောပါတယ်။
“သူက တာဝန်ခံပြီး လုပ်တဲ့သဘော ဆိုတာ မဟုတ်ပါဘူး၊ သူတို့က အခု လုပ်နိုင်တဲ့ နည်းလမ်း၊ ယန္တယားနဲ့ ပတ်သက်တဲ့ အားလုံးကို စီစဉ်လုပ်ကိုင်တာလောက်ပဲ ရှိပါတယ် ဆိုပြီး သူလုပ်တဲ့ လုပ်နည်းလုပ်ဟန်တွေကို ကျနော့်ကို ရှင်းပြတယ်။ ဒီလို လုပ်ကိုင်ပြီးတော့ လှုပ်ရှားမှု အနေနဲ့ကတော့ အားရတာပေါ့ဗျာ။ တိုင်းပြည်နဲ့ ပတ်သက်လို့ ဖွံ့ဖြိုးတိုးတက် ကောင်းအောင်လုပ်မယ်၊ တတ်နိုင်သမျှ ညှိနှိုင်းဆောင်ရွက်ပြီးတော့ တွေ့ဆုံ ဆွေးနွေး အဖြေရှာ၊ ဆက်စပ်ပြီးတော့ လုပ်မယ် ဆိုပြီး ကလေးတွေ ပြောသွားတာ ချစ်စရာကောင်းတယ်”
ဒီ ကွန်ရက်ဖွဲ့စည်းရေး ကိစ္စဟာ အထူး အရေးကြီးတဲ့အတွက် လူငယ်တွေအကြား နားလည်မှု အပြည့်အဝ ရှိအောင် ဒေါ်အောင်ဆန်းစုကြည်က အသေအချာ သတိထား ကိုင်တွယ် ဆောင်ရွက်နေကြောင်းလည်း NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက RFA ကို ပြောဆိုပါတယ်။









