ထုတ်ပယ်ခံရမှု တရားမဝင်ကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေ ပြောကြား


2016.05.04
former-usdp-member-620.jpg ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ဗဟိုကော်မတီဝင်ဟောင်း ၅ ဦး မေလ ၄ ရက်နေ့က နေပြည်တော်မှာ သတင်းစာရှင်းလင်းစဉ်
Photo: Win Ko Ko Latt/RFA

ပထမအကြိမ် ပါတီညီလာခံကနေ ရွေးကောက်ထားတဲ့ ဗဟိုကော်မတီဝင် ၁၃၆ ဦးက ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီကို အရေးပေါ်ညီလာခံကျင်းပပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုထားတာဟာ တရားမဝင်တဲ့ သဘောမျိုး လက်ရှိပါတီ တာဝန်ရှိသူတွေက ပြောဆိုနေကြပေမယ့် တောင်းဆိုရတဲ့ အကြောင်းရင်းက ပြောင်းလဲမှာ မဟုတ်ကြောင်း ပါတီကနေ ထုတ်ပယ်ခံရသူတွေက  ပြောပါတယ်။

ပါတီကနေ ထုတ်ပယ်ခံထားရတဲ့ ပါတီဗဟိုကော်မတီဝင်ဟောင်း ၅ ဦးက ဒီနေ့ နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာ ဗဟိုကော်မတီဝင်ဟောင်း ဦးဝင်းသန်း က အခုလိုပြောပါတယ်။

"မိမိတို့ တင်ပြတောင်းဆိုသည်မှာ သက်တမ်းကုန်ဆုံးခြင်းမရှိသေးသော ပထမအကြိမ် ပါတီညီလာခံက ရွေးချယ် တာဝန်ပေးထားသော ပါတီဗဟိုကော်မတီ အစည်းအဝေးနှင့် လိုအပ်ပါက အရေးပေါ် ပါတီညီလာခံခေါ်ယူပေး ရန် တောင်းဆိုခြင်းသာဖြစ်ပါတယ်၊ ပါတီဗဟိုကော်မတီ အစည်းအဝေးသည် တစ်နှစ်တစ်ကြိမ်ကျင်းပရန် ဖွဲ့စည်း ပုံစည်းမျဉ်းအရ ပါတီဝင်များရဲ့ ရပိုင်ခွင့်နဲ့အညီ တောင်းဆိုခြင်းဖြစ်ပါတယ်၊ လိမ်လည်လှည့်ဖြားတဲ့ တောင်းဆိုခြင်း မျိုး လုံးဝမဟုတ်ကြောင်း ပါတီဖွဲ့စည်းပုံစည်းမျဉ်းနဲ့အညီ တောင်းဆိုခြင်းဖြစ်ကြောင်းနှင့် ပါတီညီလာခံ အသစ် တစ်ရပ်ကို ခေါ်ယူပေးရန် တောင်းဆိုခြင်းမဟုတ်ကြောင်း ရှင်းပြလိုပါသည်"

သတင်းစာရှင်းလင်းပွဲ ကျင်းပသူတွေက ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီကြေညာချက်မှာ ပါတီစည်းမျဉ်းနဲ့မညီဘဲ ပြီးခဲ့ဲတဲ့နှစ် သြဂုတ်လ ၁၂ရက်နေ့ညပိုင်းက လုပ်ဆောင်ချက်နဲ့ ပါတီဖွဲ့စည်းပုံစည်းမျဉ်းနဲ့ မညီဘဲ ဗဟိုကော်မတီဝင် နဲ့ ပါတီဝင် ၁၇ ဦးကို ပါတီကနေ ထုတ်ပယ်လိုက်တာကို အသိအမှတ်မပြုကြောင်း ပါရှိပါတယ်။

ပါတီကနေ ထုတ်ပယ်ခံထားရသူတွေဟာ ပါတီသစ်ထူထောင်သွားဖို့ အစီအစဉ်မရှိကြောင်းနဲ့ ပါတီရဲ့ စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်ခဲ့တာမရှိကြောင်းလည်း ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲကို ပါတီကနေ ထုတ်ပယ်ခံထားရတဲ့ ဦးအေးမောက်၊ ဦးဝင်းသန်း၊ ဦးဇော်မြင့်ဖေ တို့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီ အရေးပေါ်အစည်းအဝေး ခေါ်ယူရေးအတွက် ပါတီဗဟိုကော်မတီဝင်တွေ လက်မှတ်ရေးထိုး တောင်းဆိုတာနဲ့ ပတ်သက်ပြီး ဒီနေ့ ပါတီကနေ ထုတ်ပယ်ခံထားရသူတွေက သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

RFA သတင်းထောက် မဝေယံမိုးမြင့် က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။